လီဗာပူးတိုက်စစ်သမားတွေဖြစ်တဲ့ ဆာလက်နဲ့ ဖာမင်နိုတို့ဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲအဖြစ် ဘာစီလိုနာနဲ့ ယှဉ်ပြိုင်ရမယ့်ပွဲကို လွဲချော်ပြီဖြစ်ကြောင်း လီဗာပူးအသင်းက အတည်ပြုလိုက်ပါပြီ။

မန်နေဂျာ ယာဂင်ကလော့ပ် ထပ်မံ အတည်ပြုလာတာကတော့ ဘာစီလိုနာနဲ့ ဒုတိယအကျော့ ဆီမီးဖိုင်နယ်ပွဲမှာ လီဗာပူးတိုက်စစ်ကို ဦးဆောင်မယ့် တိုက်စစ်သမားဟာ အကယ်ဒမီတိုက်စစ်သမား ဘရူးစတားပဲဖြစ်ပါတယ်။ သူဟာ အခုမှ အသက် ၁၉ နှစ်ပဲ ရှိပါသေးတယ်။

စိတ်ဝင်စားစရာက အသက် ၁၉ နှစ်အရွယ် တိုက်စစ်မှူးလေးဟာ ခြေကျင်းဝတ်ဒဏ်ရာကြောင့် ဇန်န၀ါရီ ၂၀၁၈ တည်းက ကုသမှု ခံယူခဲ့ရတာ ဖြစ်ပြီး ဒီရာသီ တစ်ပွဲမှ မကစားရသေးပါဘူး။ ကလော့ပ်ကတော့ ကစားသမားလေးရဲ့ ကြံ့ခိုင်မှုနဲ့ ထူးချွန်မှုကြောင့် အားကိုးလို့ ရမယ်လို့ ယုံကြည်နေပါတယ်။

လီဗာပူးအသင်းမှာ ဆာလက်ဟာ ပြီးခဲ့တဲ့ နယူးကာဆယ်နဲ့ပွဲမှာ ဦးခေါင်းထိခိုက်မှုကို ရရှိထားခဲ့တဲ့ ဒဏ်ရာကြောင့် ဘာစီလိုနာနဲ့ပွဲကို ကစားခွင့်ရမှာ မဟုတ်တော့ပါဘူး။ ဖာမင်နိုကတော့ အစောပိုင်းမှာ ရရှိထားတဲ့ ကြွက်သားဒဏ်ရာကြောင့် ဘာစီလိုနာနဲ့ ပထမအကျော့မှာ လူစားဝင်ကစားသမားအဖြစ် ကစားခဲ့ရပြီး ဒုတိယအကျော့ပွဲကို မပါနိုင်တော့တာဖြစ်တယ်။

ယာဂင်ကလော့ပ်က ” ဘရူစတားက အဆင်သင့်ပဲ။ အခွင့်အရေးကြီးက သူ့ကို စောင့်နေပါတယ်။ သူ ကစားခွင့်ရဖို့ သေချာသလောက် နီးပါးပါပဲ။ ဒါကို ကျနော် အာမခံပါတယ် ” လို့ ဆိုထားတယ်။

ဆာလက်၊ ဖာမင်နိုတို့နဲ့ ပက်သက်လို့လည်း ” ကမ္ဘာအကောင်းဆုံး တိုက်စစ်သမာတွေထဲက နှစ်ဦး မကစားနိုင်ပါဘူး။ ဘာစီလိုနာကို ရင်ဆိုင်ပြီး ကျနော်တို့ လေးဂိုးသွင်းဖို့ လိုနေပါတယ်။ အဲ့တာက မလွယ်ပေမယ့် ကျနော်တို့ ကြိုးစားသွားမှာပါ။ အကယ်လို့ ကျနော်တို့ မလုပ်နိုင်ရင်တောင် အလှပဆုံးနည်းလမ်းနဲ့ပဲ ကျရှူံးပါရစေ ” လို့ ဆိုပါတယ်။

ဝါရင့်တိုက်စစ်မှူး စတားရစ်နဲ့ အရေးပါတဲ့ ဂိုးတွေ သွင်းပေးနေတဲ့ အိုရီဂီတို့လည်း ရှိနေတာကြောင့် ကလော့ပ် ဘယ်လို ပွဲထွက် ခင်းကျင်းလာမလဲက မှန်းရခက်ဆဲပါ။