မန်ချက်စတာယူနိုက်တက်ဟာ နောက် ဘောလုံးရာသီမှာလည်း အမှတ်ပေးဖလား ကို စိန်ခေါ်နိုင်ဦးမှာ မဟုတ်ကြောင်းနဲ့ နည်းပြ ဆိုးရှားကို စိတ်ရှည် အချိန်ပေးဖို့ လိုကြောင်း အသင်း ဥက္ကဌဟောင်း မာတင် အက်ဝပ်က ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

ချန်ပီယံလိဂ် ၀င်ခွင့် ဆုံးရှုံးလိုက်တာကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းသား တော်တော်များများဟာ စာချုပ်ပါ အချက်များအရ လစာ ၂၅% ထိ လျှော့ချခံရဖို့ ရင်ဆိုင်နေရပါတယ်။

နယ်သာလန်ကစားသမား ဒီလစ်ဟာ မန်ယူဘက်က ကမ်းလှမ်းတဲ့ စာချုပ်ကို ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။ မန်ယူဘက်က ကစားသမားကို တစ်ပတ်လုပ်ခ ပေါင် နှစ်သိန်းခွဲ ပါဝင်တဲ့ ၅ နှစ်စာချုပ်နဲ့ ကမ်းလှမ်းခဲ့တာပါ။

ဂျူဗင်တပ်တိုက်စစ်သမား ဒိုင်ဘားလားကို မန်ချက်စတာ ယူနိုက်တက်နဲ့ ဘိုင်ယန်မြူးနစ်တို့ နှစ်သင်း အပြိုင် စိတ်ဝင်စားနေကြပြီး ယူနိုက်တက်ကတော့ အဓိက ကစားသမားနေရာ ပေးမယ်ဆိုတဲ့ မက်လုံးနဲ့ ဒိုင်ဘားလားကို ကြိုးစားနေပါတယ်။

တိုက်စစ်မှူး လူကာကူ ကြံ့ခိုင်မှု မပြည့်တာကြောင့် ကာဒစ်နဲ့ ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်မှာ ယူနိုက်တက် လူငယ်ကစားသမား မေဆန်ဂရင်းဝုဒ်ကို ပွဲချိန်ပြည့် ကစားစေဖို့ ဆိုးရှားက အခွင့်အရေး ပေးဖွယ် ရှိပါတယ်။

စကော့တလန်ကလပ် ဆဲလ်တစ်က ယခင် ယူနိုက်တက်နဲ့ ချယ်ဆီးနည်းပြဟောင်း ဂျို့စ် မော်ရင်ညိုကို အသင်းကို ကိုင်တွယ်ဖို့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ မော်ရင်ညိုကို ရိုးမားနဲ့ လိုင်ယွန်အသင်းတို့ကလည်း ချိတ်ဆက်နေပါတယ်။

မန်စီးတီးနဲ့ မန်ယူတို့ဟာ နွေအပြောင်းအရွှေ့မှာ ကစားသမားခေါ်ယူမှုတွေအတွက် ကြိုတင်ချိတ်ဆက်မှုတွေ ပြုလုပ်လာနေကြပြီး စပို့တင်းအသင်းမှ ဖာနန်ဒက်စ်ကို ခေါ်ယူနိုင်ဖို့ အပြိုင်ကြိုးစားနေပါတယ်။ ဖာနန်ဒက်စ်ကလည်း မန်စီးတီးကို ပြောင်းရွှေ့လိုနေပြီး လက်ရှိအချိန်မှာ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက်အတွက် ဆွေးနွေးနေပြီဖြစ်တယ်လို့ သိရပါတယ်။

ဘိုင်ယန်မြူးနစ်နဲ့ အငှားစာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ရီးရဲလ်မက်ဒရစ် ကွင်းလယ်ကစားသမား ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို ပရီးမီးယားလိဂ်ကလပ် ယူနိုက်တက်၊ အာဆင်နယ်တို့အပြင် စီးရီးအေထိပ်သီးကလပ် နာပိုလီအသင်းက ပစ်မှတ်ထားနေပါတယ်။