နည်းပြ ယာဂင်ကလော့ပ်က ဘာစီလိုနာနဲ့ ဆီမီး ဒုတိယအကျော့ ပွဲစဉ်မှာ ဆယ်ကျော်သက် လူငယ်တိုက်စစ်မှူး ရာဟင်း ဘရူစတားကို ထည့်သွင်း ကစားစေမယ်လို့ အတည်ပြု ပြောကြားထားပါတယ်။

လီဗာပူးအသင်း လိုက်လံချိတ်ဆက်နေတဲ့ စီးရီးအေမှ ကွင်းလယ်ကစားသမား တိုနာလီက လက်ရှိ ကလပ်အသင်းကနေ ဘယ်မှ သွားမှာ မဟုတ်ကြောင်း Brescia အသင်း ဥက္ကဌ ဖြစ်သူက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ ပြိုင်ဘက် ဘာစီလိုနာကို စိတ်ပျက်သွားအောင် လုပ်နိုင်စွမ်းရှိတယ်လို့ လီဗာပူး ခံစစ်မှူး ထရန့် အလက်ဇန္ဒါး အာနိုးက ယုံကြည်မှု ရှိနေပါတယ်။

လီဗာပူးအသင်းက ခေါ်ယူဖို့စိတ်ဝင်စားခြင်းကို ခံနေရတဲ့ နာပိုလီတိုက်စစ်မှူး အင်ဆီဂနီဟာ အသင်းရဲ့စာချုပ်သစ် ကမ်းလှမ်းမှုကို စောင့်မျှော်နေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့လမှာတုန်းကတော့ ၄င်းအနေနဲ့ နာပိုလီမဟုတ်တဲ့ ကလပ်အသင်းတွေက ငြင်းပယ်နိုင်စွမ်းမရှိတဲ့ ကမ်းလှမ်းမှုတွေ ရရှိလာနိုင်တယ်လို့ ဝန်ခံထားပါတယ်။

လီဗာပူးနဲ့ ဘာစီလိုနာတို့ရဲ့ ချန်ပီယံလိဂ်ပွဲနဲ့ ပက်သက်ပြီး မန်စီးတီးကစားသမား ဂေါ်ဒိုဂမ်က ” ဒီပွဲက မပြီးသေးဘူးလို့ ကျနော် ခံစားမိနေတယ်။ လီဗာပူးက အိမ်ကွင်းမှာ 4-0 ဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူသွားမယ်လို့ မြင်ယောင်နေမိတယ်။ ဘာလို့လည်းတော့ ကျနော် မသိဘူး။ ဒါပေမယ့် အန်ဖီးကွင်းကြောင့်လို့ ထင်တယ်။ ” လို့ ဆိုလိုက်ပါတယ်။

ဘာစီလိုနာ တိုက်စစ်မှူး ဆွာရက်စ်က အန်ဖီးကွင်းမှာ ဂိုးသွင်းနိုင်ခဲ့ရင် အောင်ပွဲခံမှာ မဟုတ်ကြောင်း ဝန်ခံခဲ့ပြီး သူ့ရဲ့ ပြန်လာမှုကို လှောင်ပြောင်မှုထက် အသိအမှတ်ပြုမှုကိုပဲ လိုချင်ပါတယ်လို့ ဆိုလာပါတယ်။ ဆွာရက်စ်ဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲကို ယှဉ်ပြိုင်ကစားဖို့ မာဆေးဆိုဒ်ကို အသင်းနဲ့အတူ ရောက်နေပါပြီ။

ဘာစီလိုနာနဲ့ ပွဲကြို လေ့ကျင့်ရေးမှာ ဗန်ဒိုက်နဲ့ ချိန်ဘာလိန်တို့ ပါဝင်တာ မတွေ့ရပါဘူး။ သတင်းများအရတော့ ၄င်းတို့ နှစ်ဦးကို သီးခြား တစ်ဦးချင်းစီ လေ့ကျင့်နေစေတာ ဖြစ်တယ်လို့ သိရပါတယ်။

မန်စီးတီး မန်နေဂျာ ပက် ဂွာဒီယိုလာက သတင်းမီဒီယာတွေဟာ မန်စီးတီးထက် လီဗာပူးအသင်း ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်စေချင်နေကြတယ်လို့ မှတ်ချက်ပြုလိုက်ပြီး အခု ချန်ပီယံဆုဖလားက သူတို့လက်ထဲမှာလို့ ၄င်းက ကြွေးကြော်လိုက်ပါတယ်။