လောလောလတ်လတ်မှာ အေဂျက်ခံစစ်မှူး ဒီလစ်ရဲ့ အပြောင်းအရွှေ့ ငြင်းဆန်ခံထားရတဲ့ မန်ယူဟာ နောက်ထပ် ကလပ်ရဲ့ အဓိက ပစ်မှတ် ဆန်ချိုကိုလည်း ခေါ်ယူနိုင်ဖို့ အခက်တွေ့လာခဲ့ပါပြီ။

၂၀၁၇ ခုနှစ် သြဂုတ်လမှာတော့ ဆန်ချိုဟာ မန်စီးတီးကနေ စွန့်ခွာပြီး ဘွန်ဒက်လီဂါကလပ် ဒေါ့မွန်ကို ပြောင်းရွှေ့ခဲ့တာပါ။ မန်စီးတီးဘက်က မြင့်မားတဲ့ လုပ်ခနဲ့ သိမ်းသွင်းခဲ့သေးပေမယ့် ပွဲထွက်ခွင့်ဆိုတဲ့ မျှော်လင့်ချက်အတွက် ဆန်ချိုဟာ မိခင်နိုင်ငံကို ရဲရင့်စွာပဲ စွန့်ခွာခဲ့တာဖြစ်တယ်။

မန်ချက်စတာမြို့ကနေ ထွက်ခွာသွားပြီးနောက် ဒေါ့မွန်အသင်းမှာ ကိုယ်ဘာသာ အကောင်းဆုံး သက်သေပြနေတဲ့ ဆန်ချိုဟာ ၂၀၀၀ ခုနှစ်နောက်ပိုင်းဖွား ဆယ်ကျော်သက်တွေထဲကမှာ ကမ္ဘာအကောင်းဆုံးအဖြစ် Goal သတင်းဌာနက ပေးအပ်တဲ့ NxGn award ဆုကို ရရှိထားပါတယ်။

မန်ယူက ဆန်ချိုကို ပေါင် သန်း ၁၀၀ နဲ့ ခေါ်ယူဖို့ ဆုံးဖြတ်ထားပြီး ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့အတူ သွေးတိုးစမ်းခဲ့ပါတယ်။ ဆန်ချိုကိုယ်တိုင်ကလည်း မန်ယူကို ပြောင်းခွင့်အား စိတ်လှုပ်ရှားခဲ့သေးပေမယ့် လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရမှာမဟုတ်ခြင်းကြောင့် အပြောင်းအရွှေ့ကို ငြင်းပယ်ဖို့ အဆင်သင့်ဖြစ်လာခဲ့တယ်လို့ သိရတယ်။

ပထမအသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ပုံမှန်ပါဝင်ခွင့်က ဆန်ချိုရဲ့ အဓိက ရည်ရွယ်ချက်ဖြစ်ပေမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲလို အဆင့်မြင့် ပြိုင်ပွဲကြီးမှာ ပါဝင်ကစားခွင့်က သူ့ရဲ့ကစားသမားဘဝကို အမြင့်ဆုံးအဆင့်တွေထံ ဆွဲတင်ပေးနိုင်တာက မန်ယူကို ငြင်းပယ်သွားမယ့် အဓိက အကြောင်းရင်းဖြစ်ပါတယ်။