အန်းဖီးမှာ ယှဉ်ပြိုင်တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်မှာတော့ လီဗာပူးအသင်းဟာ ၄ဂိုး ဂိုးမရှိနဲ့ ဘာစီလိုနာကို အနိုင်ယူကာ နှစ်ကျော့ပေါင်း ၄-၃ ရလဒ်နဲ့ ဗိုလ်လုပွဲဆီ တက်ရောက်သွားခဲ့ပါပြီ။ လီဗာပူးအတွက် ဂိုးတွေကို အိုရီဂီနဲ့ ၀ိုက်နယ်ဒန်တို့ ၂ ဂိုး စီ သွင်းယူပေးခဲ့တာပါ။

လီဗာပူးအသင်းဟာ ဖူလ်ဟမ်မှ အသက် ၁၇ နှစ် အရွယ် ခံစစ်မှူး ကိုဒီ ဒရာမက်ကို ခေါ်ယူရန် စဉ်းစားနေပါတယ်။ ဆယ်ကျော်သက် ခံစစ်မှူးလေးဟာ လူငယ်ပွဲတွေမှာ ခြေစွမ်းပြနေတာကြောင့် လီဗာပူးအသင်းက ကင်းထောက် စေလွှတ်ပြီး အကြိမ်ကြိမ် စောင့်ကြည့်မှုတွေ ရှိထားပါတယ်။

လီဗာပူးအတွက် အနိုင်ဂိုး သွင်းသွားတဲ့ ၀ိုက်နယ်ဒန်က – ” လုံးဝ မယုံနိုင်စရာပါပဲ။ စပိန်က ပွဲပြီးတည်းက ကျနော်တို့ ၄ ဂိုး သွင်းနိုင်တယ်.. ၄-၀ နဲ့ အနိုင်ယူနိုင်တယ်လို့ ယုံကြည်မှု ရှိခဲ့တယ်။ အပြင်ကလူတွေသာ ကျနော်တို့ကို မလုပ်နိုင်ပါဘူးကွာလို့ သံသယ ရှိခဲ့ကြတာ။ ဒါပေမယ့် ဘောလုံးမှာ ဘာမဆို ဖြစ်နိုင်တယ်ဆိုတာ ကျနော်တို့ အစွမ်းကုန် ကြိုးစားပြီး ပြသခဲ့ပြန်ပါပြီ။ ” လို့ ပွဲအပြီးမှာ ၀မ်းမြောက်စကား ဆိုခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ရီးရဲလ်မက်ဒရစ် ကြယ်ပွင့်ကစားသမား အဆန်စီရိုကို ကမ်းလှမ်းမှု ပြုလုပ်သွားဖို့ ရှိကြောင်း ဥရောပတလွှားက နောက်ဆုံးရ သတင်းများမှာ ဖော်ပြနေပါတယ်။

ဘာစီလိုနာအသင်း တည်းခိုတဲ့ ဟိုတယ်ရှေ့မှာ မီးရှူးမီးပန်း ပစ်ဖောက်မှုများ ရှိခဲ့ကြောင်း မာဆေးဆိုဒ် ရဲတပ်ဖွဲ့ က အတည်ပြုထားပါတယ်။ လီဗာပူးပရိသတ်အချို့က ညဘက်မှာ ထိုသို့ အုပ်စုဖွဲ့မှု ရှိခဲ့တယ်လို့ သတင်းများမှာ ပါရှိနေပါတယ်။

အိုရီဂီရဲ့ ပွဲသိမ်း အနိုင်ဂိုးအတွက် ထရန့် အလက်ဇန္ဒါး အာနိုး ထောင့်ကန်ဘောကို ပါးပါးနပ်နပ် ကန်တင်ပေးလိုက်တဲ့ အပေါ် – ” ကျနော်တို့ အတည်အတန့် သေချာ လုပ်ရတဲ့ ကိစ္စတွေ ရှိသလို တခါတလေ လူလည်ကျရတာလေးတွေ ရှိတယ်.. ဒါက လိုအပ်ပါတယ်။ ဘာစီလိုနာက ခန့်မှန်းလို့ရတဲ့ ကိစ္စတွေ အားလုံး ကာကွယ်သွားနိုင်တယ်.. ဒီတော့ သူတို့ မထင်ထားတဲ့ ရှုထောင့်ကနေ တိုက်ခိုက်ရတာပေါ့။ ဘောလုံးလေထဲ ၀ဲပျံပြီး ဂိုးထဲ ၀င်သွားတာ ကျနော် မြင်တယ်.. ထောင့်ကန်ဘောကို မြင်လိုက်ခဲ့ဘူး။ ဘယ်သူ ကန်လဲကို မမြင်ရဘူး။ ” လို့ ကလော့ပ်က မှတ်ချက်ပြုခဲ့ပါတယ်။

လူးဝစ်ဆွာရက်စ်နဲ့ ထိခိုက်မိလို့ ဒဏ်ရာရသွားခဲ့တဲ့ ရော်ဘတ်ဆန်ကို သတင်းထောက်တွေက ဘာစီလိုနာ တိုက်စစ်မှူးက ဒဏ်ရာရချိန်မှာ ဘာပြောခဲ့သလဲလို့ မေးခွန်းထုတ်ခဲ့ကြတယ်။ ရော်ဘတ်ဆန်က ပြန်ဖြေပေးတာက – ” ဗိုလ်လုပွဲကို ဘယ်အသင်း တက်သွားလဲ? ငါတို့ပဲမို့လား။ ဒါပဲ အရေးကြီးပါတယ်။ ငါ့နေရာမှာ ဂီနီအစားဝင်တယ်။ နှစ်ဂိုးသွင်းခဲ့တယ်။ ကျန်တာတွေ ဂရုမစိုက်ပါဘူး။ ” လို့ ဖြစ်ပါတယ်။

အေဂျက် တိုက်စစ်သမား ဒေးဗစ်နီရက်စ်ကို ခေါ်ယူလိုတဲ့ အသင်းတွေထဲ လီဗာပူးလည်း ပါဝင်လာပါတယ်။ ထူးချွန်တဲ့ တောင်ပံ တိုက်စစ်သမားကို ခေါ်ဖို့ ချယ်ဆီး၊ ရီးရဲလ်နဲ့ အာဆင်နယ်တို့က စိတ်ဝင်စားနေဆဲပါ။

လီဗာပူးဂိုးသမား အယ်လီဆန်ဟာ ဘာစီလိုနာနဲ့ ဆီမီးဖိုင်နယ် ဒုတိယ အကျော့မှာတော့ အဆိုပါပွဲ တစ်ပွဲတည်းအတွက် အထူးချုပ်လုပ်ပေးခဲ့တဲ့ ဂိုးသမား ဂျာစီကို ဝတ်ဆင်ကစားခဲ့ပါတယ်။ အယ်လစ်ဆန်က ဒိုင်လူကြီးတွေ၊ ဘာစီလိုနာ ကစားသမားတွေရဲ့ အကျီတွေနဲ့ မတူညီတဲ့ လက်ရှည် ဂျာစီကို ဝတ်ဆင်ဖို့လိုတာကြောင့် တစ်ပွဲတည်း သီးသန့်ဝတ်ရမယ့် ဂျာစီကို ဝတ်ဆင်ခဲ့ရတာဖြစ်တယ်။

အန်ဖီးမှာ ဘာစီလိုနာကို နိုငတဲ့ အောင်ပွဲက ယာဂင်ကလော့ပ်အတွက် ထူးကဲတဲ့ အောင်ပွဲဖြစ်ကြောင်း မော်ရင်ညိုက ယုံကြည်နေပါတယ်။ ဘာစီလိုနာကို ဂိုးပြတ်ပြန်အနိုင်ရခဲ့ရာမှာ နည်းစနစ်တွေ အတွေးအမြင်တွေကြောင့်မဟုတ်ဘဲ နှလုံးသားနဲ့ စိတ်ခံစားချက် ပြင်းထန်လွန်းခဲ့တာ ဖြစ်ကြောင်း မော်ရင်ညိုက ချီးကျူးသုံးသပ်ခဲ့ပါတယ်။