ယူနိုက်တက် ဘယ်အစွန်လူ လုရှောဟာ ကလပ်အသင်းမှာ 2023 ခုနှစ်ထိ ရှိနေမယ့် သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ပါတယ်။ စာချုပ်ပါ အချက်အရ ကလပ်အသင်းရဲ့ နောက်ခံလူတွေထဲမှာ လုပ်ခ အမြင့်ဆုံးအဖြစ် တစ်ပတ် ပေါင် တစ်သိန်းခြောက်သောင်းထိ တိုးမြင့်ရရှိမှာပါ။ အဆိုပါ လုပ်ခဟာ ကမ္ဘာလုပ်ခ ပေးချေခံရမှု အမြင့်ဆုံး ခံစစ်သမားစာရင်းထဲမှာလည်း ပါဝင်စေခဲ့ပါတယ်။

အာဂျင်တီးနားနဲ့ လက်ရွေးစင်ပွဲမှာ ဒူးဒဏ်ရာရခဲ့တဲ့ ဒိုင်ဘာလာဟာ လေ့ကျင့်ရေး ပြန်ဆင်းနေပါပြီ။ သူဟာ ဂျီနိုအာနဲ့ ရင်ဆိုင်ရမယ့် ဂျူဗင်တပ်အသင်းရဲ့ အမှတ်ပေးပွဲမှာ ပါဝင်နိုင်မှာဖြစ်ပြီး အိုထရတ်ဖိုဒ့်မှာ ယူနိုက်တက်နဲ့ ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ်ပွဲမှာလည်း ပါဝင်နိုင်မယ်လို့ သိရပါတယ်။

တိုက်စစ်မှူး လူကာကူရဲ့ စီးရီးအေကလပ် ဂျူဗင်တပ်ထံ ပြောင်းရွှေ့နိုင်ဖို့ကို မျှော်လင့်ထားတယ်ဆိုတဲ့ မှတ်ချက်စကားဟာ ယူနိုက်တက်ကို မလေးစားတာပါလို့ မန်ချက်စတာကလပ် ခံစစ်သမားဟောင်း ပယ်လစ်စတာက ဝေဖန်လိုက်ပါတယ်။ အခြားသော အသင်းသားဟောင်းဖြစ်တဲ့ ပေါလ်စခိုးကလည်း လူကာကူရဲ့ လုပ်အားနှုန်းကို စိတ်ပျက်ရပြီး သူနဲ့ဆိုရင် အမှတ်ပေးဖလား အနိုင်မရပါဘူးလို့ ဝေဖန်ထားပါတယ်။

အာဆင်နယ်ကစားသမားဟောင်း ၀ီရှိုင်းယားက အာဆင်နယ် အနေနဲ့ အသင်းကနေ ထွက်ခွာမယ် သတင်းများ ထွက်နေပေမယ့် ရမ်ဆေးကို အသင်းခေါင်းဆောင် အဖြစ် ခန့်အပ်သင့်တယ်လို့ အကြံပြုလိုက်ပါတယ်။ ၀ီရှိုင်းယားကပဲ ဂန်းနားအသင်းဟာ ရမ်ဆေးကို အသင်းမှာပဲ ဆက်ထိန်းသင့်ကြောင်း ပြောဆိုထားပါတယ်။

အာဆင်နယ်အသင်းသားတွေ ပြန်ရောက်နေပြီ ဖြစ်ပြီး ခြေကျင်းဝတ် ဒဏ်ရာ ရှိနေတဲ့ ဆိုကရေးတစ်က လွဲလို့ အိုဇေး၊ ၀ဲလ်ဘတ်နဲ့ မစ်လန်နေး တို့ဟာ တနင်္လာနေ့ ပရီးမီးယားလိဂ် ပွဲကစားဖို့ အဆင်သင့် ဖြစ်နေမယ်လို့ အမ်မရီက ဆိုပါတယ်။ ဒဏ်ရာက ပြန်သက်သာလာတဲ့ အသင်းခေါင်းဆောင် ကိုစီရယ်နီကတော့ လူစားဝင်အဖြစ်ပဲ ပါဝင်နိုင်မယ်လို့ ယုံကြည်ရပါတယ်။

အာဆင်နယ်မန်နေဂျာ အူနိုင်းအမ်မရီက ကလပ်အသင်းပရိသတ်တွေရဲ့ အာဆင်နယ်ပြန်လာပြီဆိုတဲ့ တုန့်ပြန်မှုတွေကို အပြည့်အဝ သဘောမတူနိုင်သေးဘူးလို့ ထုတ်ဖော်ပြောဆိုပါတယ်။ အသင်းဟာ ပုံစံကောင်းတွေ ရနေပေမယ့် ခြေစွမ်းကောင်းတွေကို ဆက်လက် ထိန်းသိမ်းနိုင်ဖို့ ခက်ခဲမယ်လို့ အမ်မရီက ပြောဆိုလိုက်တာပါ။

လီဗာပူးအသင်းမှာ နေရာမရတဲ့ လူငယ်တိုက်စစ်မှူး အိုရီဂီကို မြို့ခံပြိုင်ဘက် အဲဗာတန်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး လီဗာပူးအသင်းဘက်ကတော့ အနည်းဆုံး သန်း 20 ရမှသာ ဘယ်လ်ဂျီယံ တိုက်စစ်မှူးကို လက်လွှတ်ဖို့ ရှိကြောင်း လီဗာပူးဒေသခံ သတင်းဌာနများမှာ ဖော်ပြလာပါတယ်။

ဂါးဒီးယန်းသတင်းစာက ဒီရာသီ အတိုးတက်ဆုံး ပရီးမီးယားလိဂ် ကစားသမားတွေကို ဖော်ပြလာရာမှာ လီဗာပူးအသင်းမှ အသက် 32 နှစ်ရှိပြီဖြစ်တဲ့ ၀ါရင့် ကွင်းလယ်ကစားသမား ဂျိမ်းစ်မေနာ ပါဝင်နေပါတယ်။ မေနာရဲ့ ဒီရာသီ စွမ်းဆောင်မှု ပျမ်းမျှ Rating က 7.17 ရှိပါတယ်။

ပြီးတဲ့တစ်ပတ်ခွဲက လီဗာပူးအသင်းမှာ ကစားသမားအားလုံး ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်နဲ့ ရှိခဲ့ကြပြီး ယခုချိန်မှာတော့ ဒဏ်ရာရစာရင်းမှာ ကစားသမားတွေ တိုးလာရပြီလို့ လီဗာပူးအသင်း မန်နေဂျာ ကလော့ပ်က ငြီးတွားလိုက်ပါတယ်။ ကလော့ပ် စိတ်သက်သာရာ ရစရာကတော့ လယ်လာနာ ပြန်ကစားနိုင်ပြီ ဖြစ်ပြီး ဆာလက်နဲ့ ဗန်ဒိုက်ကလည်း လေ့ကျင့်ရေးမှာ ပြန်လည်ပါဝင်လာတာ တွေ့ရပါတယ်။

စက်တင်ဘာလထဲမှာ 5 ဂိုးသွင်းပြီး ချယ်ဆီးအသင်းနဲ့အတူ အထူးခြေစွမ်းပြခဲ့တဲ့ ဟာဇက်က စက်တင်ဘာလအတွက် ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမားဆုကို လက်ခံယူခဲ့ပါပြီ။ ထိုဆုကို အာဆင်နယ်မှ လာကာဇက်တီ၊ ၀ုဗ်မှ Willy Boly၊ အဲဗာတန်မှ ဂျိမ်း မက်ဒီဆင်၊ ဆီဂတ်ဆန်နဲ့ မန်စီးတီးကစားသမာ စတားလင်းတို့ကို ကျော်ဖြတ်ပြီး ဟာဇက်က ရရှိသွားတာပါ။

အေစီမီလန်တိုက်စစ်မှူး ဟီဂူရင်က နွေအပြောင်းအရွှေ့မှာ ချယ်ဆီးမန်နေဂျာ ဆာရီက သူ့ကို အလိုရှိခဲ့ပေမယ့် လန်ဒန်ကလပ်ဘက်က အပြောင်းအရွှေ့ မဖြစ်လိုခဲ့ဘူးလို့ ထုတ်ဖော်ပြောဆိုပါတယ်။ အေစီမီလန်ကတော့ အသင်းကော၊ မန်နေဂျာကပါ သူ့ကို အလိုရှိခဲ့လို့ စီးရီးအေကလပ်ထံပဲ ပြောင်းဖြစ်ခဲ့ကြောင်း ပြောပြလာတာဖြစ်ပါတယ်။

စပိန်သား ချယ်ဆီးကစားသမား အလွန်ဆိုက နေရှင်းလိဂ်ပွဲ စပိန်နဲ့ အင်္ဂလန်ပွဲမှာ ပြိုင်ဘက်အဖြစ် ရင်ဆိုင်ခဲ့ရတဲ့ ကလပ်အသင်းဖော် ရော့စ် ဘာကလေရဲ့ ခြေစွမ်းကို ချီးကျူးစကား ဆိုခဲ့ပါတယ်။ ဘာကလေက ကစားသမားကောင်းဖြစ်ပြီး ရာသီကုန်ထိ ချယ်ဆီးမှာလည်း ခြေစွမ်းပြကာ ကူညီနိုင်မယ်လို့ အလွန်ဆိုက ယုံကြည်နေပါတယ်။

ဒီရာသီ ဒူးဒဏ်ရာကြောင့် မန်စီးတီးအတွက် ပွဲထွက်ပေးနိုင်ခြင်းမရှိတဲ့ ကွင်းလယ်ကစားသမား ဒီဘရိုင်းဟာ ဘန်လေနဲ့ ယှဉ်ပြိုင်ရမယ့် ပွဲမှာ ပါဝင်လာနိုင်တယ်လို့ သိရပါတယ်။ ရာသီ အစောပိုင်းမှာတုန်းက နိုဝင်ဘာလ 11 ရက်နေ့မှာ ဘောလုံပြန်ကစားနိုင်မယ် ခန့်မှန်းထားပေမယ့် အဆိုပါရက်ထက် စောပြီး ကစားနိုင်မှာဖြစ်ပါတယ်။

မန်စီးတီးအသင်း လူငယ်ကစားသမား ဇီချန်ကိုကို စီးရီးအေကလပ် နာပိုလီအသင်းက ဇန်နဝါရီ အပြောင်းအပြောင်းအရွှေ့မှာ ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ လက်ရှိမှာ လာလီဂါကလပ် ရီးရဲဘက်တစ် အသင်းကလည်း ဇီချန်ကိုကို ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့ပြီ ဖြစ်ပါတယ်။

လက်ရှိအချိန်ထိ ပရီးမီးယားလိဂ်ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုအတွက် ရေပန်းစားတဲ့ ကစားသမားနှစ်ဦးက ချဲလ်ဆီးမှ ဟာဇက်နဲ့ မန်စီးတီးမှ ဘာနာတိုဆေလ်းဗားတို့ဖြစ်တယ်လို့ သုံးသပ်ချက်တွေ ထွက်ပေါ်လာပါတယ်။ အစာပိုင်း ကာလမှာပဲ ရှိနေသေးပေမယ့် အဆိုပါ နှစ်ဦးလုံးက သက်ဆိုင်ရာ ကလပ်တွေမှာ ခြေစွမ်းကောင်းတွေ ပြသနေတာပါ။

တော်တင်ဟမ်မန်နေဂျာ ပိုချက်တီနိုက နွေအပြောင်းအရွှေ့မှာ ခေါ်ယူမှု တစ်ခုမှ မလုပ်ခဲ့တာအတွက် နောင်တမရပါဘူးလို့ ပြောဆိုပါတယ်။ ကလပ်အသင်းက ကစားသမား အလိုရှိမှုတွေ ရှိခဲ့ပေမယ့် အမှန်တကယ် ခေါ်ယူနိုင်ဖို့တော့ ခက်ခဲမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး လက်ရှိ ပိုင်ဆိုင်ထားတဲ့ အသင်းသား 25 ယောက်ကို ကျေနပ်ပါတယ်လို့ သူကဆိုပါတယ်။

တော်တင်ဟမ် လူငယ်ကွင်းလယ်လူ ဟယ်ရီဝင့်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာတော့ စက္ကန့် 70 တိုင်းမှာ တစ်ကြိမ် ဘောလုံးပေးမှု ပြုလုပ်ပါတယ်။ ဒါဟာ တော်တင်ဟမ် ကစားသမားတွေထဲမှာ အမြင့်ဆုံး လုပ်ဆောင်နိုင်မှုဖြစ်ပါတယ်။

ဝက်ဟမ်းနဲ့ ရင်ဆိုင်ကစားရမယ့် လန်ဒန်ဒါဘီပွဲမှာ တော်တင်ဟမ်ကွင်းလယ်လူ အဲရစ်ဆန် ပြန်လည်ပါဝင်နိုင်မှာပါ။ နောက်ထပ် ကွင်းလယ်လူ ဒမ်ဘီလီကလည်း ပါဝင်နိုင်မှာဖြစ်ပေမယ့် အလီကတော့ နောက်အပတ်လောက်မှပဲ ဘောလုံးပြန်ကစားနိုင်မှာ ဖြစ်ပါတယ်။