ချယ်ဆီးအသင်းက ဒီရာသီမှာ ဆုဖလား ဆွတ်ခူးဖို့ ထိုက်တန်တဲ့ ခြေစွမ်း ပိုင်ဆိုင်တယ်လို့ နည်းပြ ဆာရီက ပြောကြားလိုက် ပါတယ်။ နည်းပြဆာရီဟာ ချယ်ဆီး အသင်းကို ပရီးမီးယားလိဂ်မှာ အဆင့် ၄ အတွင်းဝင်အောင် ရာသီသိမ်းနိုင်ခဲ့ပြီး ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

” ကျွန်တော်တို့ ယူရိုပါလိဂ် ဗိုလ်လုပွဲ တက်လှမ်းပြီး ဆုဖလား ဆွတ်ခူးချင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ဒီရာသီမှာ ဖလားရဖို့ ထိုက်တန်လို့ပါပဲ။ ချဲလ်ဆီးအသင်းရဲ့ ပစ်မှတ်အတိုင်း အဆင့် ၄ အတွင်း ဝင်ခွင့်ရခဲ့လို့ ကျွန်တော် ကျေနပ်ပါတယ်။ ယူရိုပါလိဂ် ဆီမီးဖိုင်နယ်မှာ တောင့်တင်းတဲ့ ကစားသမားတွေရှိတဲ့ အသင်းကောင်း တစ်သင်းနဲ့ ကစားရမှာပါ။ ဆီမီးဖိုင်နယ်မှာ နောက်တစ်ဆင့် တက်မယ့် အသင်းအဖြစ် ရေပန်းစားဖို့ ခက်ခဲပါတယ်” လို့ ဆာရီက ပြောပါတယ်။

အပြောင်းအရွှေ့ဈေးကွက် နှစ်ခု အပိတ်ပင်ခံရမှုအတွက် တင်ထားခဲ့တဲ့ အယူခံကို ဖီဖာက ပယ်ချလိုက်ပြီး နောက် ချယ်ဆီးအသင်းဟာ အယူခံကို အားကစားရေးရာ တရားရုံးသို့ ထပ်မံဦးတိုက်လျှောက်ထားရန် ပြင်ဆင်နေပါတယ်။ ချယ်ဆီးအသင်းက အသက် ၁၈ နှစ်အောက် ပြည်ပကစားသမားတွေကို ခေါ်ယူရာမှာ စည်းမျဉ်းချိုးဖောက်ခဲ့လို့ ဖီဖာက အပြောင်းအရွှေ့ကာလ နှစ်ရပ်မှာ ကစားသမားသစ် ခေါ်ယူခွင့် ချမှတ်ခဲ့တာပါ။

ရိုးမားနဲ့ သတင်းထွက်နေမှုကြောင့် အီတလီသို့ ပြန်သွားမလားဆိုတဲ့ မေးခွန်းကို နည်းပြ ဆာရီက မဟုတ်ကြောင်း ငြင်းဆန်လိုက်ပြီး အင်္ဂလန်မှာ ကာလရှည် နေသွားဖို့ ရည်ရွယ်ထားတယ်လို့ ၄င်းက ဖြေဆိုခဲ့ပါတယ်။

အသင်း အပြောင်းအရွှေ့ အယူခံ ပယ်ချခံရတာနဲ့ ပတ်သတ်ပြီး နည်းပြဆာရီက ၄င်းအတွက်တော့ ပြဿနာ မရှိဘဲ လူငယ်ကစားသမားတွေနဲ့ သူ အလုပ်လုပ်လိုကြောင်း ပြောဆိုခဲ့ပါတယ်။

အီတလီကလပ် ရိုးမားအသင်းဟာ ချယ်ဆီးအသင်းရဲ့နည်းပြ ဆာရီ ကို ခေါ်ယူဖို့လျင်လျင်မြန်မြန်ပဲ ကြိုးစားလာပါတယ်။ ဒီနှစ်နွေရာသီမှာ ဆာရီ အနေနဲ့ ချယ်ဆီးအသင်းကိုစွန့်ခွာပြီး အီတလီ ပြန်မယ်လို့သတင်းတွေ ထွက်ပေါ်နေပါတယ်။

အခုရာသီကုန်မှာ အသင်းကနေထွက်ခွာတော့မဲ့ ချယ်ဆီးနောက်ခံလူ ဂယ်ရီကာဟေးလ် ကို ခေါ်ယူဖို့အတွက် ဘန်လေ အသင်းက ချိတ်ဆက်နေတယ်လို့ သိရပါတယ်။ အသက် ၃၃ နှစ်အရွယ်ရှိုပြီးဖြစ်တဲ့ ကာဟေးလ် ကလည်း ချယ်ဆီးအသင်းနဲ့ အခုလက်ရှိ ရာသီအကုန်မှာ သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်တာကြောင့် အလွတ်ပြောင်းရွေးကြေးနဲ့ ခေါ်ယူခွင့်ရှိနေပါတယ်။