အာဆင်နယ်နဲ့ ဗလန်စီယာတို့ဟာ ပထမအကျော့အပါအဝင် ခြေစမ်းပွဲ ၁ ပွဲ၊ ချန်ပီယံလိဂ် ၄ ပွဲ စုစုပေါင်း ၆ ပွဲဆုံဖူးပြီး အာဆင်နယ်က ၂ ပွဲနိုင်၊ ဗလန်စီယာက ၃ ပွဲနိုင်ကာ ၁ ပွဲသရေကျထားပါတယ်။

အမ်းမရိတ်စ်ကွင်း ၃ ကြိမ်မှာ အိမ်ရှင်အာဆင်နယ်က ၂ ပွဲနိုင်၊ ၁ ပွဲသရေကစားထားပြီး မက်စ်တဲလားကွင်း ၃ ကြိမ်မှာတော့ အိမ်ရှင် ဗလန်စီယာက ၃ ပွဲစလုံးအနိုင်ရထားပါတယ်။ ဆုံတွေ့မှုအရ အာဆင်နယ်က ၆ ဂိုးသွင်းပြီး ဗလန်စီယာက ၇ ဂိုးသွင်းထားပါတယ်။

အာဆင်နယ်ဟာ ပထမအကျော့မှာ ၂ ဂိုးနဲ့အထက် အနိုင်ရခဲ့တဲ့ ဥရောပအဆင့်ပွဲစဉ် ၂၇ ကြိမ်စလုံး နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ခဲ့တဲ့ အစဉ်အလာကောင်း ရှိပါတယ်။ နည်းပြအူနိုင်းအမ်မရီဟာ ဗိုလ်လုပွဲအပါအဝင် ဥရောပရှုံးထွက်အဆင့်ပွဲစဉ် ၁၈ ကြိမ်စလုံး အနိုင်ရထားပါတယ်။ တိုက်စစ်မှူးလာကာဇက်ဟာ နောက်ဆုံးကစားထားတဲ့ ယူရိုပါလိဂ် ရှုံးထွက်အဆင့် ၁၀ ပွဲမှာ ၈ ဂိုးသွင်းထားပါတယ်။

အာဆင်နယ်အသင်းဟာ ရိုးမားခံစစ်မှူး ကော့စ်တက် မန်နိုလတ်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ဂရိခံစစ်မှူးကလည်း ရာသီကုန်ရင် အသင်းပြောင်းဖွယ် ရှိနေပါတယ်။ ၄င်းရဲ့ စာချုပ်ဖျက်သိမ်းကြေးက ယူရို ၃၆ သန်း ရှိပြီး နှစ်ရစ်ခွဲ ပေးနိုင်တဲ့ အချက်တွေလည်း ပါဝင်နေပါတယ်။

ဗလင်စီယာနဲ့ ပွဲအတွက် စပိန်ရောက်နေပြီ ဖြစ်တဲ့ အမ်မရီက ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ စပိန်လို ဖြေကြားသွားခဲ့ပါတယ်။ ၄င်းက ဧည့်သည်အသင်း ဖြစ်လို့ ဖိအားတွေ ရှိပေမယ့် မကောင်းတဲ့ အနေထားလို့ မခံစားရကြောင်း ပြောဆိုခဲ့ပါတယ်။

ပွဲကြိုရှင်းလင်းပွဲကို အမ်မရီနဲ့ အတူ ဂိုးသမားကြီး ပီတာချက် လာရောက် ဖြေဆိုခဲ့ပါတယ်။ ၄င်းက ပြိုင်ဘက်ကို လေးစားမှု အပြည့်ရှိပြီး ဒီအဆင့်မှာ အနေအထားအထား ပြောင်းလဲသွားနိုင်တာကို သိရှိ နားလည်ထာကြောင်း ပြောဆိုခဲ့ပါတယ်။