မန်ယူဟာ အပြောင်းအရွှေ့အတွက် ကစားသမား ချိတ်ဆက်မှုအဖြစ် နယ်သာလန်ကလပ် PSV အသင်းမှ နာမည်ကျော်စတား နှစ်ဦးကို ခေါ်ယူနိုင်ဖို့ စတင်လာပါတယ်။

PSV အသင်းရဲ့ တောင်ပံသမားတွေဖြစ်တဲ့ လိုဇာနိုနဲ့ ဘာဝမ်ဂီ တို့ကို ချိတ်ဆက်နေပြီး အပြီးသတ် ခေါ်ယူဖို့ဆိုရင် သူတို့နှစ်ဦးတွဲအတွက် ပေါင် ၅၅ သန်း ပေးရမယ်လို့လည်း သိရတယ်။

မန်နေဂျာ ဆိုးရှားဟာ ကလပ်အသင်းကို လူငယ်သွေးသစ်တွေနဲ့ အင်အားဖြည့်လိုနေပြီး ပရီးမီးယားလိဂ် ပြိုင်ဘက်တွေ အလိုရှိနေတဲ့ လူငယ်ကြယ်ပွင့်တွေကို လက်ဦးမှု ရယူလိုနေတာ ဖြစ်တယ်။ လိုဇာနိုဟာ မန်ယူအသင်းပရိသတ်ဖြစ်ပြီး အင်္ဂလန်ကို ပြောင်းလာလိုကြောင်း ထုတ်ပြောထားဖူးပါတယ်။

နွေအပြောင်းအရွှေ့မှာ PSV ကနေ ထွက်ခွာလိုတဲ့ လိုဇာနိုကို ခေါ်ယူဖို့က မန်ယူအတွက် ဦးစားပေးတစ်ခု ဖြစ်ပေမယ့် ဘာဝမ်ဂီကိုလည်း အနာဂတ်အတွက် ရည်ရွယ်ပြီး ခေါ်ယူလိုတာပါ။ သူတို့နှစ်ဦးပေါင်းဟာ ဒီရာသီမှာ သွင်းဂိုး ၃၁ ဂိုးထိ သွင်းယူထားပါတယ်။

လိုဇာနိုဟာ တောင်အမေရိကသား တိုက်စစ်သမားဖြစ်ပြီး ဘာဝမ်ဂီကတော့ ဥရောပ ကစားသမားဖြစ်ကာ ဆိုးရှားအလိုရှိတဲ့အတိုင်း ကလပ်အသင်းဘက်က ခေါ်ယူပေးနိုင်မလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။