မန်ယူအသင်းမှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့ ဆန်းချက်ဟာ နွေအပြောင်းအရွှေ့မှာ အီတလီကို ပြန်သွားဖွယ်ရှိနေတယ်လို့ သိလာရပါတယ်။ ဆန်းချက်ဟာ စီးရီးအေကလပ် အင်တာမီလန်အသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်နေလာနေပါတယ်။

၂၀၁၈ ခုနှစ် ဇန်နဝါရီလမှာ အာဆင်နယ်အသင်းကနေ မန်ယူအသင်းကို မစ်ခီတာရန်နဲ့ အပြောင်းအရွှေ့လုပ်ပြီး ရောက်လာခဲ့သူပါ။ ဆန်းချက်ဟာ မန်ယူအသင်းမှာသာမက ပရီးမီးယားလိဂ်ရဲ့လစာအများဆုံး ကစားသမားပါ။ အာဆင်နယ်မှာ ပြသခဲ့တဲ့ ခြေစွမ်းတွေကြောင့် မန်ယူအသင်းဟာ ဆန်းချက်ကို လစာအမြောက်အများပေးပြီး ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ်။

ဆန်းချက်ရဲ့အေးဂျင့်ဟာ အပြောင်းအရွှေ့ကိစ္စ ဆွေးနွေးဖို့ အီတလီကို ရောက်ရှိနေပြီလို့ သိရပြီး အင်တာမီလန်အသင်းနဲ့ စာချုပ်ချုပ်ဆိုဖို့ ဆွေးနွေးမှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ သူ့အေးဂျင့်ကတော့ ဆန်းချက်ကိုယ်တိုင်လည်း အီတလီကို ပြန်လည်ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေတယ်လို့ ပြောဆိုခဲ့ပါတယ်။

ဆန်းချက်ဟာ အီတလီကလပ် အူဒီးနိစ်အသင်းမှာ ကစားခဲ့သူဖြစ်ပြီး တောက်ပတဲ့ခြေစွမ်း ပြသခဲ့ပါတယ်။ အဲ့ဒီကနေတစ်ဆင့် ဘာစီလိုနာကို ပြောင်းရွှေ့ခဲ့သူပါ။ သူဟာ အဲ့ဒီကမှ အာဆင်နယ်ကို ရောက်လာခဲ့သူဖြစ်ပြီး သူ ပြသခဲ့တဲ့ ထိပ်တန်းခြေစွမ်းတွေကြောင့် မန်ယူအသင်းက မန်စီးတီးနဲ့အပြိုင် ခေါ်ဆိုခဲ့တာပဲ ဖြစ်ပါတယ်။

ဆိုးရှားကိုယ်တိုင်ကလည်း အသင်းကို ပြောင်းလဲမှုတွေ ပြုလုပ်သွားမယ်လို့ ဆိုခဲ့တာကြောင့် ဆန်းချက်နဲ့ မန်ယူလမ်းခွဲဟာ နီးစပ်နေပြီလို့ ဆိုရမှာလည်း ဖြစ်ပါတယ်။ မန်ယူအသင်းဟာ ဆန်းချက်ကို ပေါင် ၁၃ သန်း လျော်ကြေးပေးပြီး စာချုပ်ဖျက်သိမ်းမယ်လို့ သိထားရပါတယ်။