စပိန်ကွင်းလယ်လူ ဟာရဲရား နွေမှာ မန်ယူအသင်းကနေ ထွက်ခွာမယ့် ကစားသမားမျာစာရင်းမှာ ပါဝင်နေပြီး အသက် ၂၉ နှစ်အရွယ် ကစားသမားဟာ ပီအက်စ်ဂျီအသင်းကို ၃ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီလိုက်တယ်လို့ သိလာရပြီဖြစ်ပါတယ်။

၂၀၁၄ မှာ လာလီဂါကလပ် ဘီလ်ဘာအိုကနေ အိုးလ်ထရက်ဖို့ဒ်ကို ရောက်ရှိလာခဲ့ပြီး ဘောလုံးရာသီ ၅ ခုအတွင်း ပြိုင်ပွဲစုံ ၁၈၉ ပွဲမှာ ဂိုး ၂၀ သွင်းယူထားပါတယ်။ ဟာရဲရားဟာ မန်ယူအသင်းနဲ့အတူ အက်ဖ်အေဖလား၊ လိဂ်ဖလား၊ ကွန်မြူ နတီဒိုင်းနဲ့ ယူရိုပါလိဂ်ဖလားတွေကို တစ်ကြိမ်စီ ရယူထားနိုင်ခဲ့ပါတယ်။

ရာသီအကုန်မှာ မန်ချက်စတာ အခြေစိုက်အသင်းနဲ့ စာချုပ် သက်တမ်းကုန်ဆုံးမယ့် ကစားသမားတွေထဲမှာ ဟာရဲရားလည်း ပါဝင်ခဲ့ပြီး စာချုပ်ကို သက်တမ်းတိုးနိုင်ဖို့ အကြိမ်ကြိမ် ဆွေးနွေးခဲ့ပေမယ့် သဘောတူညီမှု မရယူနိုင်ခဲ့ပါဘူး။ ဟာရဲရားကလည်း သက်တမ်းတိုးလိုပေမယ့် နှစ်ဘက် ညိနှိုင်းတဲ့ စာချုပ်ကိစ္စ အဆင်မပြေခဲ့တာပါ။

ဟာရဲရားကို စိတ်ဝင်စားနေတဲ့ ပီအက်စ်ဂျီအသင်းက တစ်ပတ်လစာ ပေါင် ၁၆၀၀၀၀ ပေးမယ်လို့ ကမ်းလှမ်းလိုက်ပြီး စပိန်သားကလည်း စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ချင်တာကြောင့် ပြင်သစ်ကို ပြောင်းရွှေ့ဖို့ သဘောတူညီလိုက်တာပါ။

စပိန်လက်ရွေးစင်အသင်းအတွက် ၂ ပွဲ ကစားဖူးတဲ့ ဟာရဲရားဟာ ပီအက်စ်ဂျီအသင်းနဲ့ ၃ နှစ်စာချုပ်ဖို့ သဘောတူညီထားပြီး အဲဒီ ၃ နှစ်စာအတွက် ပီအက်စ်ဂျီအသင်း ပေးချေရမယ့် လစာပမာဏက ပေါင် ၂၅ သန်းအထိ ရှိပါတယ်။