မန်ယူနိုက်တက်ဟာ ရာသီပိတ်ပွဲစဉ်အဖြစ် ကာဒစ်စီးတီးအသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားရပါတော့မယ်။ ဒီပွဲစဉ်ဟာ ယူနိုက်တက်အတွက် ဘာသက်ရောက်မှုမှ မရှိတော့တဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်သွားခဲ့ပါပြီ။

အရေးအကြီးဆုံးပွဲစဉ်ကတော့ မန်ချက်စတာစီးတီးရဲ့ ပွဲစဉ်နဲ့ လီပါပူးအသင်းရဲ့ ပွဲစဉ်တွေပါ။ ဒါပေမယ့် ယူနိုက်တက်အနေနဲ့ အဆိုပါပွဲစဉ်ကိုပါ အနိုင်မယူနိုင်ခဲ့ပါက ဆိုးရှားဟာ အသင်းအတွက် သင့်တော်တဲ့ နည်းပြဖြစ်ရဲ့လားဆိုတဲ့ မေးခွန်းထုတ်မှုတွေ ရှိလာတော့မှာပါ။

ဒါကြောင့် နောက်ဆုံးပွဲစဉ်ဟာ မန်ယူနိုက်တက်အတွက်ထပ် ဆိုးရှားအတွက် တကယ့်ကို ပွဲကြီးပွဲကောင်း တစ်ပွဲအဖြစ် ဆိုနိုင်ပါပြီ။ တန်းဆင်းသွားပြီဖြစ်တဲ့ ဟက်ဒါဖီးလို အသင်းမျိုးကို အနိုင်မယူနိုင်ခဲ့တဲ့နောက် နောက်ဆုံး (၁၂) ပွဲမှာ ဆိုးရှားရဲ့ နိုင်ပွဲဟာ (၂) ပွဲသာ ရှိခဲ့ပါတယ်။

မန်ယူနိုက်တက်ဟာ မော်ရင်ညိုလို နည်းပြမျိုးကို နောက်ဆုံး (၈) ပွဲမှာ (၂) ပွဲသာ နိုင်ပွဲရယူပေးနိုင်ခဲ့လို့ ထုတ်ပယ်ပစ်ခဲ့တဲ့ အသင်းပါ။ ဆိုးရှားအတွက်ကကော?

ဟုတ်ပါတယ်။ ကာဒစ်နဲ့ပွဲစဉ်ဟာ မျက်ခုံးလှုပ်စရာပါပဲ။ ဆိုးရှားအနေနဲ့ အနိုင်ယူနိုင်ခဲ့ပါက အဆင့် (၅) နေရာကို ပိုင်ဆိုင်နိုင်မယ့် အခွင့်အရေးတော့ ရှိနေပါတယ်။ ဒါပေမယ့် အမ်မရီရဲ့ အာဆင်နယ်က ဘန်လေကို အရေးနိမ့်မှသာ အခွင့်အရေးရမှာပါ။

ဒါဟာ ယူရိုပါလိဂ်ကို တိုက်ရိုက်ဝင်နိုင်မယ့် အခွင့်အရေးလည်း ဖြစ်နေပါသေးတယ်။ ကစားသမားတွေအတွက်လည်း ဆိုးရှားကို ကောင်းမွန်တဲ့ တုန့်ပြန်မှုတွေ ပေးအပ်ရမယ့် အချိန်ပါပဲ။

မတ်လအတွင်း အာဆင်နယ်အသင်းကို ရှုံးနိမ့်ခဲ့ချိန်ကစပြီး မန်ယူနိုက်တက် ကစားသမားတွေရဲ့ ခြေစွမ်းဟာ မေးခွန်းထုတ်စရာတွေ ဖြစ်လာခဲ့ပါတယ်။

ဆိုးရှားအနေနဲ့ သူစတင်ကိုင်တွယ်ချိန်က ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာနဲ့ စည်းလုံးမှုတွေကို မြင့်တင်ပေးနိုင်ခဲ့မှုတွေဟာ နောက်ပိုင်းမှာ ပျောက်ဆုံးခဲ့ပါတယ်။ တိုက်စစ်ရဲ့ ဂိုးပေါက်ပျောက်ဆုံးမှုတွေ၊ ကွင်းလယ်ပိုင်းက ကစားအားတွေနဲ့ နောက်ခံ ကစားသမားတွေရဲ့ အမှားတွေဟာ မန်ယူနိုက်တက်အတွက် ရလာဒ်ဆိုးတွေ သယ်ဆောင်လာခဲ့တာပါ။

အသင်းရဲ့ အားထားရဆုံး ဂိုးသမား ဒီဂီယာကိုယ်တိုင်တောင် အံအားသင့်ဖွယ် အမှားတွေနဲ့ ရုန်းကန်နေရပါတယ်။ လက်ရှိမှာ ကစားသမားတွေကြား စည်းလုံးမှု ပြိုကွဲနေတယ်လို့ သတင်းတွေလည်း ပျံ့နှံနေပါသေးတယ်။

အသင်းသားတွေရဲ့ စာချုပ်သက်တမ်းတိုးဖို့ အဆင်မပြေမှုတွေနဲ့ လစာကိစ္စတွေဟာ အသင်းရဲ့ ရလာဒ်အပေါ်မှာ ရိုက်ခတ်မှုတွေ ဖြစ်လာဟန် တူပါတယ်။ ဆိုးရှားအတွက်တော့ ဖြေရှင်းစရာ ကိစ္စတွေ တောင်လိုပုံနေဆဲပါပဲ။

ကာဒစ်နဲ့ ကစားရမယ့်ပွဲစဉ်ဟာ ဆိုးရှားနဲ့ မန်ယူနိုက်တက် ကစားသမားတွေအတွက် နောက်ရာသီမှာ ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းအသင်းအဖြစ် ရပ်တည်နိုင်စွမ်း ရှိနေကြောင်း ခက်ခက်ခဲခဲ သက်သေထူရမယ့် ပွဲဖြစ်လာခဲ့ပါပြီ။

ဒါပေမယ့် ဒီပွဲစဉ်သာ ရလာဒ်တွေ ဆိုးရွားခဲ့ပါက ဆိုးရှားအတွက် လူမှန်နေရာမှန် ဖြစ်ရဲ့လားဆိုတဲ့ မေးခွန်းတွေ ပွက်ပွက်ညံလာမှာပါ။

ဒါကြောင့် ဒီပွဲစဉ်ဟာ ယူနိုက်တက် ကစားသမားတွေနဲ့ နည်းပြဆိုးရှားအတွက် သူတို့ရဲ့ ထိုက်တန်မှုကို ပြသရမယ့် ပွဲတစ်ပွဲလို့ ဆိုနိုင်နေပါပြီ။