မက်ဒရစ်မြို့တော်မှာ ယှဉ်ပြိုင်မယ့် ဗိုလ်လုပွဲအတွက် လီဗာပူးဘက်ကတော့ ပရိသတ် ၇သောင်း ကို ခေါ်ဆောင်သွားဖို့ စီစဉ်နေပါတယ်။ မနှစ်က ဗိုလ်လုပွဲတုန်းကလည်း လီဗာပူးပရိသတ် ၄သောင်း ဟာ ယာဂင်ကလော့ပ်နဲ့ အသင်းသားတွေကို အားပေးဖို့ ယူကရိန်းကို လိုက်ပါ သွားဖူးပါတယ်။ လက်မှတ်ခနဲ့ လေယာဉ်ခတွေ ဈေးအရမ်းတက်နေပေမယ့် မာဆေးဆိုဒ်ရဲ့အဖွဲ့က လီဗာပူးပရိသတ်တွေကို စောင့်ရှောက်ဖို့ လိုက်ပါသွားမှာပါ။

လီဗာပူးအသင်း ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဖလား အောင်မြင်ခဲ့ရင် အောင်ပွဲခံဖို့ရာ အခမ်းအနား နှစ်ခုကို ပြင်ဆင်ထားမှာ ဖြစ်ကြောင်း လီဗာပူးမြို့ကောင်စီအဖွဲ့က ကြေညာပေးခဲ့ပါတယ်။

လီဗာပူးခံစစ်မှူး အန်ဒီရော်ဘတ်ဆန်ရဲ့ ဘာစီလိုနာနဲ့ ပွဲက ထိသွားတဲ့ ဒဏ်ရာကို စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ အရွတ်စုတ်ပြဲမှု မရှိကြောင်း အတည်ပြုခဲ့ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံးပွဲကို ပါဝင်နိုင်ဖွယ် မရှိပေမယ့် ရော်ဘတ်ဆန်က ချန်ပီယံလိဂ် ဗိုလ်လုပွဲ ပါဝင်နိုင်မှာပါ။

လီဗာပူးအသင်းရဲ့ ဒရမ်မာဆန်ဆန် Come Back နိုင်ပွဲ အပြီးမှာ လီဗာပူးကစားသမားဟောင်း လက်ရှိ မန်စီးတီးတိုက်စစ်မှူး စတားလင်းက အသင်းဟောင်းအတွက် ၀မ်းမြောက်ပါကြောင်း ၀န်ခံပြောကြားလိုက်ပါတယ်။

လီဗာပူးအသင်းဟာ ဘာစီလိုနာနဲ့ ပွဲမတိုင်ခင်တည်းက ဘောကောက် လူငယ်လေးတွေကို ဘောလုံး လျင်လျင်မြန်မြန် ပေးပို့ဖို့ ကြိုတင် မှာကြားထားခဲ့တယ်လို့ သိရပါတယ်။ လီဗာပူးရဲ့ စတုတ္ထဂိုးက ဘောကောက် လူငယ်လေး ခပ်မြန်မြန် ပေးလိုက်တဲ့ ဘောလုံးကို အာနိုးက ပါးနပ်စွာ အမြန် ကန်တင်ခဲ့တာပါ။

လီဗာပူးအသင်းဟာ ဘာစီလိုနာနဲ့ ပွဲမှာ ၂ ဂိုး သွင်းပေးခဲ့တဲ့ အသက် ၂၄ နှစ်အရွယ် အရန်တိုက်စစ်မှူး ဒီဗော့ အိုရီဂီကို သက်တမ်းတိုး စာချုပ်သစ် ကမ်းလှမ်းရန် စဉ်းစားနေပါတယ်။ အခြား တိုက်စစ်မှူး ဖြစ်တဲ့ ဒန်နီရယ်လ် စတားရစ်ကလည်း ရာသီ ကုန်ရင် ထွက်ခွာမှာ ဖြစ်လို့ အိုရီဂီိကိုသာ လက်လွှတ်ရရင် လီဗာပူးမှာ ဖာမီနိုနောက် အတွေ့အကြုံရှိ တိုက်စစ်မှူး မရှိတော့ဘဲ ဖြစ်မှာပါ။

လီဗာပူးအသင်း ဂန္တ၀င်ကစားသမား စတီဗင်ဂျရတ်ကို ဘာစီလိုနာနဲ့ ပွဲနေ့က အန်းဖီးကွင်း ပွဲကြည့်စင်တန်းမှာ မြင်ခဲ့ကြပါတယ်။ ဒါပေမယ့် ဂျရတ်က ပွဲကို ဆက်မကြည့်ရဲလို့ စော ပြန်ခဲ့ဖြစ်ကြောင်း ဖွင့်ဟသွားပါတယ်။

လီဗာပူးကစားသမားဟောင်း စတိဗ်နီကိုးလ်က ၄င်းရဲ့ အသင်းဟောင်း လီဗာပူးဟာ လာမယ့်နွေမှာ လက်စတာကြယ်ပွင့် ဂျိမ်းစ် မက်ဒီဆန်ကို အရ ခေါ်ယူသင့်တယ်လို့ တိုက်တွန်းလိုက်ပါတယ်။

စပါးနည်းပြ ပိုချက်တီနိုက အေဂျက်နဲ့ ချန်ပီယံလိဂ်ပွဲမှာ လီဗာပူးအသင်း ပြန်လာသလိုမျိုး ကစားဖို့အတွက် ကစားသမားတွေကို သေချာမှာကြားခဲ့ကြောင်း ဒန်နီရို့စ်က ထုတ်ဖော် ပြောကြားခဲ့ပါတယ်။