ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ အဖြစ် စတန်းဖို့ဘရစ်မှာ ကစားတဲ့ပွဲမှာတော့ အိမ်ရှင် ချယ်ဆီးက ဖရန့်ဖတ်အသင်းကို ပွဲချိန် မိနစ် ၉၀ နဲ့ အချိန်ပိုမိနစ်များအတွင်း ၁ ဂိုးစီနဲ့ သရေကျခဲ့ပါတယ်။ ဆက်လက်ပြီး ပင်နယ်တီ အဆုံးအဖြတ် ခံယူရမှာတော့ ချယ်ဆီးအသင်းမှာ ကွီတာရဲ့ တစ်လုံးကလွဲပြီး အားလုံး ဂိုးဝင်ခဲ့တာကြောင့် ပင်နယ်တီ ၄-၃၊ နှစ်ကျော့ပေါင်း ၆-၅ ရလဒ်နဲ့ ချယ်ဆီးအသင်းကပဲ ယူရိုပါလိဂ် ဖိုင်နယ်သို့ တက်ရောက်သွားပါတယ်။

ယူရိုပါလိဂ် ဆီမီးဖိုင်နယ်မှာ ချယ်ဆီးအတွက် သူ့ရဲကောင်းဖြစ်ခဲ့သူတွေက သွင်းဂိုးရယူပေးတဲ့ လော့တပ်ချိစ်နဲ့ ပင်နယ်ထီ အဆုံးအဖြတ်ဂိုး ကန်သွင်းပေးတဲ့ ဟာဇက်ပဲ မဟုတ်ပါဘူး။ ဂိုးသမား ကီပါကလည်း ကာကွယ်မှု နှစ်ကြိမ်တောင် ပြုလုပ်ပြီး ချယ်ဆီးအား ဗိုလ်လုပွဲကို တက်စေတာပါ။

ကီပါကတော့ ဝင်ဘာလေကွင်းက ဖိုင်နယ်ပွဲ ပြဿနာဟာ အတိတ်မှာ ကျန်ခဲ့ပြီဖြစ်ပေမယ့် အသင်းအတွက် အကြွေးပြန်ဆပ်နိုင်ခဲ့လို့ ပျော်ရွှင်နေတယ် လို့ ဆိုပါတယ်။

ကီပါက ပြောရာမှာ “ ပင်နယ်တီတွေဆိုတာက ကံကောင်းဖို့လည်း လိုပါတယ်။ ဒီနေ့ ကျနော်တို့ နိုင်ပါတယ်။ ကာရာဘောင်းတုန်းက ရှူံးပါတယ်။ ဒါက ဘောလုံးပါပဲ။ ဒီနေ့မှာ ကျနော်တို့ ကောင်းမွန်ခဲ့ပြီး ခက်ခဲတဲ့ အသင်းကို အကောင်းဆုံး ယှဉ်ပြိုင်ကစားနိုင်ခဲ့တာအတွက် ကျနော် အရမ်းပျော်ပါတယ်။ ” လို့ ပြောကြားခဲ့ပါတယ်။

ချယ်ဆီးနဲ့ အာဆင်နယ်တို့ဟာ ယူရိုပါလိဂ် ဗိုလ်လုပွဲမှာတော့ တစ်သင်းကို လက်မှတ်ခွဲတမ်း ၆၀၀၀ စီပဲ ရရှိမှာဖြစ်တဲ့အတွက် နှစ်ဘက်အသင်း ပရိသတ်များက စိတ်ပျက်နေကြပါတယ်။

ဖီဖာ ပယ်ချထားတဲ့ အပြောင်းအရွှေ့ ပိတ်ပင်ခံရမှုကို ပယ်ဖျက်မပေးရင် ချယ်ဆီးဟာ မန်စီးတီးနဲ့ လီဗာပူးတို့ကို နောက်ရာသီမှာ မီအောင် လိုက်နိုင်မှာမ ဟုတ်ဘူးလို့ နည်းပြ ဆာရီက ဝန်ခံခဲ့ပါတယ်။ ချယ်ဆီးအသင်းဟာ အားကစားဆိုင်ရာ တရားရုံးတော်ထံ ထပ်မံ အယူခံ တင်ဖို့ ပြင်ဆင်နေပါတယ်။

ချယ်ဆီးနည်းပြဟောင်း ကွန်တီဟာ အင်တာမီလန် နည်းပြသစ် ဖြစ်လာဖို့ နီးစပ်နေပြီ ဖြစ်ကြောင်း စကိုင်းစပေါ့သတင်းများမှာ ဖော်ပြလာပါတယ်။

ချယ်ဆီးအသင်းဟာ အပြောင်းအရွှေ့ ပိတ်ပင်ခံထားရပေမယ့် ရီးရဲလ်မှ အငှားလာရောက် ကစားနေတဲ့ ကိုဗာဆစ်ကိုတော့ အသင်းကစားသမား အဖြစ် မှတ်ပုံတင်ထားပြီး ဖြစ်လို့ ဆက်လက်ခေါ်ယူခွင့် ရှိနေပါတယ်။ ရီးရဲလ်မက်ဒရစ်ကလည်း ဟာဇက်ကို အသည်းအသန် အလိုရှိနေတာ ဖြစ်လို့ ကလပ်အသင်း နှစ်သင်းကြား အပြန်အလှန် သဘောတူညီမှုရရန် ညှိနှိုင်းဖွယ် ရှိပါတယ်။

တိုက်စစ်သမား ဟာဇက်ကတော့ ယူရိုပါလိဂ်ဗိုလ်လုပွဲဟာ ချယ်ဆီးအတွက် သူနောက်ဆုံးကစားပေးရတဲ့ ပွဲတစ်ပွဲ ဖြစ်သွားနိုင်တာကြောင့် အကောင်းဆုံးတွေ အတွက် ကြိုးစားပေးမယ်လို့ ကတိပေးစကား ပြောဆိုပါတယ်။

ချယ်ဆီးအသင်းဟာ လူငယ်တိုက်စစ်သမား အိုဒွိုင်းနဲ့လည်း သက်တမ်းတိုး စာချုပ်သစ် ဆွေးနွေးမှုများ မပြုလုပ်နိုင်သေးဘူး ဖြစ်နေပါတယ်။ အိုဒွိုင်းရဲ့ စာချုပ်က ၂၀၂၀ မှာ ကုန်ဆုံးမှာ ဖြစ်လို့ လာမယ့်နွေမှာ မရောင်းချရင် စာချုပ်ကုန်မှာ အလွတ်နဲ့ လက်လွှတ်ရမယ့် အရေး ရှိနေပါတယ်။

ဂျူဗင်တပ်နဲ့ ၅ ရာသီကြာ လက်တွဲလာပြီး အမှတ်ပေးဖလား ၅ကြိမ် ယူပေးထားတဲ့ နည်းပြ အယ်လီဂရီဟာ အသင်းကနေ ထွက်ခွာသွားပြီ ဖြစ်ပြီး ဂျူဗင်တပ်က ကစားသမားနဲ့ နည်းပြဟောင်း ကွန်တီကို ပြန်လာဖို့ ချိတ်ဆက်နေပါတယ်။

ချယ်ဆီးကွင်းလယ်လူ လော့တပ်ချိစ်က သူဟာ လန်ဒန်ကလပ်နေ ထွက်ခွာဖို့ မည်သည့် အကြောင်းပြချက်မှ မရှိပါကြောင်း ထုတ်ဖော်ပြောဆိုမှု လုပ်ခဲ့ပါတယ်။ နွေမှာ ကလပ်အသင်းကနေ ထွက်ခွာမှာ မဟုတ်ကြောင်း ဝန်ခံပေမယ့် သက်တမ်းတိုး စာချုပ်ကိုတော့ အေဂျင့်ဖြစ်သူက တာဝန်ယူထားတယ်လို့ ပြောပါတယ်။

ချယ်ဆီး အပြောင်းအရွှေ့ ပိတ်ပင်ခံလိုက်ရခြင်းက ရီးရဲလ်သို့ ပြောင်းရွှေ့ခွင့်အတွက် အသင်းကို တောင်းဆိုထားတဲ့ တိုက်စစ်သမား ဟာဇက် အတွက် သတင်းဆိုး ဖြစ်ပြီး အသင်းက ထွက်ခွာဖို့ ပိုမို ခက်ခဲ့သွားခဲ့ပါတယ်။