Myanmar Times မှာ စုစည်း ဖော်ပြထားတဲ့ နာမည်ကျော် လက်ဖက်ရည်ဆိုင် ၁၀ ဆိုင် အကြောင်း ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှုဟာ ကိုလိုနီခေတ်နဲ့အတူ အိန္ဒိယနိုင်ငံက ပါလာတဲ့စားသောက်မှုပုံစံတစ်ခုက စတင်တယ်လို့ ဆိုရမယ်ထင်ပါတယ်။ မနက်ခင်း၊ နေ့လယ်ပိုင်းနဲ့  ညနေစောင်းတွေမှာ လက်ဖက်ရည်ဆိုင်ထိုင်ပြီး ဖြစ်ပျက်တွေ့ကြုံနေရတဲ့ မိသားစုအရေး၊ ရပ်ကွက်သာရေး နာရေးကအစ စာပေ၊ ယဉ်ကျေးမှု၊ စီးပွားရေးစတဲ့ စိတ်ဝင်စားစရာ သမိုင်းဝင်စကားဝိုင်းတွေလည်း ရှိခဲ့ကြပါတယ်။ မြို့နယ်၊ ရပ်ကွက်တိုင်းလိုလိုမှာရှိတဲ့ လက်ဖက်ရည်ဆိုင်တွေက သတင်းအချက်အလက်တွေဖြန့်ဝေရာ ဌာနတစ်ခုအဖြစ် ရှိနေကြဆဲပါပဲ။

ရန်ကုန် တီးဟောက်စ်

မြန်မာနိုင်ငံမှာ သောက်သုံးသူအကြိုက် အမျိုးအစားတွေခွဲခြားထားတဲ့ လက်ဖက်ရည် အမည်မျိုးစုံကို ဒီဆိုင်မှာ ရနိုင်ပါတယ်။ တွဲဖက်စားဖို့ လက်ဖက်သုပ်၊ နံပြား၊ ပလာတာ စတာတွေ လည်းရနိုင်ပြီး ရှေးဟောင်းမြန်မာတွေရဲ့ ဓာတ်ပုံဟောင်းတွေ အပြင်အဆင်တွေနဲ့ အဆင့် အတန်းမြင့်တဲ့ လက်ဖက်ရည်ဆိုင်တစ်ခုပါ။ မြန်မာ့အစားအစာနဲ့ လက်ဖက်ရည်အရသာကို မြည်းစမ်းချင်တဲ့ နိုင်ငံခြားသားတွေလည်း အမြဲပြည့်နေတတ်တဲ့ ဆိုင်ဖြစ်ပါတယ်။ နေ့စဉ် မနက် ၇ နာရီကနေ ည ၁ဝ နာရီအထိ ဖွင့်ပါတယ်။

လိပ်စာ − အမှတ် ၇၇−၇၉၊ ပန်းဆိုးတန်းလမ်း၊ အလယ်ဘလောက်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။ ဝ၉ ၉၇၉ဝ၇၈၆၈၁

လပ်ကီး ဆဲဗင်း

လက်ဖက်ရည်ဆိုင်ဖွင့်တဲ့ သက်တမ်းမြင့်လာတဲ့အလျောက် စားသုံးသူတွေ ဘာကြိုက်တယ်၊ ဘယ်လိုဝန်ဆောင်မှု ပေးမယ်ဆိုတာတွေကို အကောင်းဆုံး ဖြည့်ဆည်းပေးလာတဲ့ ဆိုင်တစ်ဆိုင်ပါ။ မြန်မာ၊ အိန္ဒိယ၊ တရုတ်စတဲ့ အစားအစာတွေကိုပါ သင့်စိတ်ကြိုက် လက်ဖက်ရည်တစ်ခွက်နဲ့အတူ အဆာပြေစားနိုင်ပြီး အစိမ်းရောင်ပန်းခြံ အသေးလေးတစ်ခုပုံစံ ဖန်တီးထားတာမို့ စားသုံးသူတွေကို ဂရုစိုက်ကြောင်း သိသာပါတယ်။ မနက်ခပ်စောစောကနေ ည ၉ နာရီ အထိ ဖွင့်ပါတယ်။

လိပ်စာ − ၄၉လမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။ ဝ၁ ၂၉၂၃၈၂

ရသာ လက်ဖက်ရည်ဆိုင်

နာမည်ကျော် သက်တမ်းရင့် မွတ်စလင်လက်ဖက်ရည်ဆိုင် တစ်ဆိုင်ဖြစ်ပြီး အဖျော်ဆရာရဲ့ သမ္ဘာရင့်လက်ဖက်ရည်တွေကြောင့် နှစ်ပေါင်းများစွာ အမာခံသောက်သုံးကြသူတွေ ရှိပါတယ်။ အုန်းသီးအဆာသွပ်၊ ပဲမုန့်စတဲ့ ကိုယ်တိုင်လုပ် အချိုမုန့်တွေလည်းရနိုင်ပြီး လက်ဖက်ရည်သောက်သူတွေက အချိန်ကုန်ခံ ဇိမ်ဆွဲပြီး သောက်တာထက် အနီးအနားက ဈေးဆိုင်တန်းတွေဆီ ပြန်ပြေးရင်း ခပ်သုတ်သုတ်ဝင်သောက်လေ့ရှိကြတဲ့ ဆိုင်လေးပါ။ မနက် ၅ နာရီခွဲက ည ၈ နာရီအထိ ပုံမှန်ဖွင့်ပြီး တနင်္ဂနွေနေ့ဆိုရင်တော့ နေ့လယ် ၁၂ နာရီအထိ ဖွင့်ပါတယ်။

လိပ်စာ − အမှတ် ၃၅၃၊ မဟာဗန္ဓုလလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

ရွှေခေါင်းလောင်း

တရုတ်လက်ဖက်ရည်ဆိုင်လို့ ပြောလို့ရအောင်ကို ကော်ပြန့်၊ ပေါက်စီ၊ ဒင်ဆမ်းစတဲ့ တရုတ်အစားအစာတွေ ခေါက်ဆွဲအမျိုးမျိုးတွေကို လက်ဖက်ရည်နဲ့အတူ မြည်းစမ်းနိုင်တဲ့ဆိုင်ပါ။ အနည်းငယ်ပေါ့တဲ့အရသာကို အများနဲ့မတူဘဲ သီးသန့်ကွဲထွက်နေတဲ့ လက်ဖက်ရည်အဖြစ် နှစ်ခြိုက်စွာ ပုံမှန်သောက်သုံးသူတွေ ရှိနေပါတယ်။ မနက်အစောကြီးကတည်းက ပြည်တွင်းတရုတ်လူမျိုးတွေ၊ သက်ကြီးပိုင်း ဗမာလူမျိုးတွေနဲ့ စည်ကားနေတတ်ပါတယ်။ မနက် ၆ နာရီ ဝန်းကျင်ကနေ ည ၈ နာရီအထိ ဆိုင်ဖွင့်ပါတယ်။

လိပ်စာ − ရွှေတိဂုံဘုရားလမ်း၊ လသာမြို့နယ်၊ ရန်ကုန်မြို့။

Acacia Tea Saloon

အဆင့်မြင့် လက်ဖက်ရည်ဆိုင်တစ်ဆိုင်ဖြစ်ပြီး မနက်စာမီနူးတွေလည်း သီးသန့်ပြင်ထားပါတယ်။ အသားညှပ်ပေါင်မုန့်၊ ကိတ်၊ ပေါင်မုန့်ကြမ်း၊ ကြက်ဥတွေကို လက်ဖက်ရည်နဲ့ တစ်တွဲတည်း ရမှာဖြစ်ပြီး စားဖိုမှူးရဲ့တင်ဆက်မှုက သင့်ကို ခမ်းနားတော်ဝင်စေမှာပါ။ ခုလတ်တလောမှာတော့ မနက်စာမီနူးအကုန်လုံးအတွက် ၁ဝ ရာခိုင်နှုန်း လျှော့ဈေးပေးနေပါတယ်။ မနက် ၈ နာရီက ည ၁ဝ နာရီ အထိ ဖွင့်ပါတယ်။

လိပ်စာ − အမှတ် ၅၂၊ ဆရာစံလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။ ဝ၉ ၇၃၁၁၃၈၁၂

သန်းကြွယ် လက်ဖက်ရည်ဆိုင်

နာမည်ကျော် လက်ဖက်ရည်ဆိုင်တစ်ဆိုင်ဖြစ်ပြီး မြို့နယ်တိုင်းလိုလိုမှာ ဆိုင်ခွဲတွေ ဖွင့်ထားပါတယ်။ ကြည့်မြင်တိုင် အထက်လမ်းပေါ်မှာ မကြာခင်က ဖွင့်လှစ်လိုက်တဲ့ ဆိုင်သစ်မှာတော့ ကားပါကင်အတွက်ပါ နေရာစီစဉ်ထားပြီး အရသာထူးတဲ့ လက်ဖက်ရည်တွေ အပြင် သရေစာ၊ အိန္ဒိယနဲ့ တရုတ်စားဖွယ်တွေလည်း ရောင်းချနေပါတယ်။၂၄ နာရီ ဖွင့်တဲ့ဆိုင်ပါ။

လိပ်စာ − အထက်ကြည့်မြင်တိုင်လမ်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်မြို့။

ရှယ် ဗမာ့လက်ဖက်ရည်ဆိုင်

ဒီဆိုင်ကတော့ လက်ဖက်ရည်ဆိုင်ထိုင်ရင်း ကိုယ်စိတ်ဝင်စားရာ အရေးအရာတွေကို ခင်မင်ရသူတွေနဲ့ ဆွေးနွေးရတာဟာ စိတ်ဖိစီးမှုကို ဖြေဖျောက်ပေးတဲ့ ကောင်းမွန်တဲ့ နည်းလမ်းတစ်ခုပါလို့ စားသုံးသူတွေကို တိုက်တွန်းနေပါတယ်။ လတ်တလောမှာ ထူးခြားတာက ဗုဒ္ဓဟူးနေ့တိုင်း မနက် ၁ဝ နာရီက ညနေ ၄ နာရီအတွင်း ငွေကျပ် ၁ဝဝ တန်နဲ့ လက်ဖက်ရည်လာသောက်ရင် ဆိုင်မှာပဲ သူငယ်ချင်းနောက်ထပ် နှစ်ယောက်အတွက်ပါ (အားလုံးပေါင်း လက်ဖက်ရည်သုံးခွက်) ရမှာဖြစ်ပါတယ်။ မနက် ၆ နာရီက ည ၁၂ နာရီအထိ နေ့စဉ်ဖွင့်ပါတယ်။

လိပ်စာ − အမှတ် ၁၁၁၄၊ သုမင်္ဂလာ လမ်းနှင့် ပြည်သာယာလမ်းထောင့်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။ဝ၉ ၈၉၉၅၉၇၃၅ဝ

ရွှေပလ္လင်

ဒီနာမည်ကျော် လက်ဖက်ရည်ဆိုင်က သူတို့ရဲ့ အစားအသောက်နဲ့ လက်ဖက်ရည်အရသာတွေ တင်မကဘဲ စားသုံးသူတွေ မေ့ကျန်ရစ်ခဲ့တဲ့ ပိုက်ဆံအိတ်တွေကို စနစ်တကျသိမ်းဆည်းပြီး ပြန်လည်ပေးအပ်တာကြောင့်လည်း နာမည်ကျော်ပါတယ်။ ရန်ကုန်မြို့မှာတင် ဆိုင်ခွဲ ၂၁ ဆိုင်ရှိပြီး မန္တလေးမြို့နဲ့ နေပြည်တော်တို့မှာလည်း ဆိုင်ခွဲတွေ ရှိတာမို့ လက်ဖက်ရည်ဆိုင်ခွဲ အများဆုံးဖွင့်ထားတဲ့ ဆိုင်တစ်ခုပါ။ နေ့စဉ် မနက် ၆ နာရီက ညနေ ၆ နာရီအထိ ဖွင့်ပါတယ်။

လိပ်စာ − အမှတ် ၃၇၊ ဟံသာဝတီလမ်းနှင့် ဗဟိုလမ်းထောင့်၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။ ဝ၁ ၅၃၈၇၃၆

မော်ဒန်

နေရာခပ်ကျယ်ကျယ်နဲ့ အစားအသောက်စုံလင်ပြီး လက်ဖက်ရည်အရသာကောင်းကြောင့် လူသိများတဲ့ လက်ဖက်ရည်ဆိုင် တစ်ဆိုင်ပါ။ ဝန်ထမ်းတွေများသလို ရွေးချယ်စရာ အစားအသောက်တွေလည်း စုံတာမို့ လူမပြတ်တဲ့ဆိုင်လည်းဖြစ်ပါတယ်။ လက်ဖက်ရည်အပြင် ရာသီပေါ်သီးနှံဖျော်ရည်တွေလည်း နာမည်ကျော်ပါတယ်။ မနက် ၈ နာရီက ည ၁၁ နာရီအထိ ဖွင့်ပါတယ်။

လိပ်စာ − အမှတ် ၉၁၊ ဗညားဒလလမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။ ဝ၉ ၅၁၅၉၂၄ဝ

ဒေါင်

သုဝဏ္ဏ ဗိုလ်ချုပ်ရွာလို့ ခေါ်ကြတဲ့ ဗီအိုင်ပီရပ်ကွက်ထဲမှာ နေရာကျယ်ကျယ်ယူပြီးဖွင့်ထားတဲ့ လက်ဖက်ရည်ဆိုင်ပါ။ တိတ်ဆိတ်ကျယ်ဝန်းပြီး ကားထားဖို့လည်း နေရာရှိတာမို့ လက်ဖက်ရည်တစ်ခွက်နဲ့ အေးအေးလူလူ ထိုင်ချင်သူတွေအတွက် သင့်လျော်ပါတယ်။ မန္တလေးမြို့က နာမည်ကျော် မုန့်တီနဲ့ မြီးရှေလိုစားဖွယ်တွေလည်း ရနိုင်ပြီး သန့်ရှင်းသပ်ရပ်တဲ့ လက်ဖက်ရည်ဆိုင်လေးပါ။ မနက် ၅ နာရီခွဲက ညနေ ၅ နာရီခွဲအထိ ဖွင့်လှစ်ပြီး တနင်္ဂနွေနေ့မှာတော့ နေ့လယ် ၁၂ နာရီအထိ ဖွင့်ပါတယ်။

လိပ်စာ − အမှတ် ၂၂၊ ဝေဇယန္တာလမ်းနှင့် သစ်ရာပင်လမ်းထောင့်၊ သုဝဏ္ဏဗိုလ်ချုပ်ရွာ၊ သဃင်္န်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။ ဝ၉ ၉၇ဝဝဝ၇၇၈ဝ

Myanmar Times