မန်ယူအသင်းရဲ့ ဂန္တ၀င်နောက်ခံလူဟောင်း ဂယ်ရီနဗီလ်းက အသင်းအတွက် လိုအပ်နေတာက တိုက်စစ်မှူး မဟုတ်ပဲ ခံစစ်၊ အစွန်ခံစစ်၊ ကွင်းလယ်လူတွေဖြစ်တယ်လို့ သတိပေးစကား ပြောကြားလိုက်ပါတယ်။

နွေအပြောင်းအရွေ့ ကာလမှာ ယူနိုက်တက်ဘုတ်အဖွဲ့ရဲ့ ထောက်ခံပေးမှုနဲ့အတူ ဆိုးရှားအတွက် ကစားသမားသစ်တွေ ရရှိဦးမှာပါ။ အဲ့သည်အတွက် ဘယ်လိုကစားသမား ခေါ်ယူသင့်သလဲ မေးခွန်းထုတ်မှုတွေ ရှိနေခဲ့တယ်။

အသင်းမှာ ရုန်းကန်နေရတဲ့ လူကာကူနဲ့ ဆန်းချက်ဇ်ဟာ လာမယ့်နွေမှာ အသင်းကို စွန့်ခွာရဖို့ သေချာသလောက် ရှိနေတာကြောင့် ဆိုးရှားအနေနဲ့ တိုက်စစ်အတွက် လူသစ်ရှာနေရတာပါ။ လက်တလောမှာ ဂျူဗင်တပ် တိုက်စစ်မှူး ဒိုင်ဘားလားနဲ့ သဘောတူညီမှု ရထားပြီလို့လည်း ကောလဟာလတွေ ပေါ်ထွက်နေပါသေးတယ်။

နဗီးက အကယ်၍ လူကာကူသာ ထွက်ခွာသွားပါက အသင်းတိုက်စစ်ကို မာရှယ်နဲ့ ရက်ဖိုဒ့်တို့က ဦးဆောင်နိုင်စွမ်း ရှိနေသေးကြောင်း ကာကွယ်ပြောဆိုသွားပေးခဲ့တာပါ။ သူကပဲ ရက်ဖိုဒ့်အနေနဲ့ နောက်ရာသီမှာ သွင်းဂိုးတွေ ရယူပေးမယ့် ကစားသမားအဖြစ် ထောက်ခံပြောကြားပေးခဲ့ပါတယ်။

နဗီးက “ အလားအလာအကောင်းဆုံးက ရက်ဖိုဒ့်ပါပဲ။ ကျွန်တော် ကောင်လေးကို ချစ်ပါတယ်။ လူကာကူလည်း ရှေ့တန်းမှာ ရှိနေပေမယ့် အသင်းအတွက် တိုက်စစ်မှူး ထပ်လိုသေးတယ်လို့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။ ဆန်းချက်ဇ်ကတော့ ကောင်းကောင်း မလုပ်ဆောင်နိုင်ခဲ့ပါဘူး။

ဒါပေမယ့် ကလပ်က တိုက်စစ်မှူးအသစ် မလိုပါဘူး။ မာရှယ်နဲ့ ရက်ဖိုဒ့် ရှိနေပါတယ်။ ရက်ဖိုဒ့်က ပုံမှန်ပွဲထွက်ပေးနိုင်တဲ့ ကစားသမားပါ။ ကလပ်မှာ လိုအပ်နေတာက နောက်တန်းကို ပြင်ဆင်ဖို့ပါ။ ဗဟိုခံစစ်ကော ခံစစ်အစွန်ပိုင်းကိုကော ပြင်ဆင်ရမှာပါ။ ပြီးတော့ ကွင်းလယ်ပိုင်းကိုလည်း ထပ်အားဖြည့်ဖို့ လိုပါသေးတယ်။

သတင်းတွေအရလည်း ဟာရဲရားက PSG နဲ့ သဘောတူညီမှု ရသွားပြီလို့ သိရပါသေးတယ်။ ဒါကြောင့် ကွင်းလယ်ပိုင်းကိုလည်း အဓိက အားဖြည့်ရပါဦးမယ်။ “ လို့ ပြောကြားသွားခဲ့တာပါ။