အာဆင်နယ်အသင်းဟာ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့အဖြစ် စပိန်မြေမှာ ဗလင်စီယာကို ရင်ဆိုင်ခဲ့ရပြီး ၄ ဂိုး ၂ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်မှာ ရာသီကုန်ခါနီးအချိန် ရလဒ်တွေ ဆိုးရွားခဲ့ပြီး ချန်ပီယံလိလိဂ် ဝင်ခွင့်လွဲချော်ခဲ့ပါတယ်။ ဒါပေမဲ့ အာဆင်နယ်ဟာ ယူရိုပါလိဂ်မှာ ဗလင်စီယာကို ၂ ကျော့ပေါင်း ၇ ဂိုး ၃ ဂိုးနဲ့အနိုင်ရကာ ဗိုလ်လုပွဲ တက်ရောက်ခဲ့ပါတယ်။

အာဆင်နယ်အသင်း ဂိုးပြတ်အနိုင်ရခဲ့တဲ့ ပွဲမှာ ဂါဘွန်သား တိုက်စစ်မှူး အူဘာမီယန်က အကောင်းဆုံးခြေစွမ်းပြခဲ့ပြီး ဟက်ထရစ် ရခဲ့ပါတယ်။ အူဘာမီယန်က ဟက်ထရစ်ဂိုးကို ပွဲချိန် ၈၈ မိနစ်မှာ ဂိုးသွင်းခဲ့တာပါ။ အူဘာမီယန် ဟက်ထရစ်သွင်းယူပြီး အောင်ပွဲခံခဲ့တဲ့အချိန် မထင်မှတ်တဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဗလင်စီယာအသင်း ပရိသတ်တွေဟာ ဂိုးပြတ်အရှုံးကို ဒေါသထွက်နေခဲ့ပါတယ်။ အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်ကလည်း ဗလင်စီယာ ပရိသတ်တွေ အမြင်ကတ်လောက်အောင် ခြေစွမ်းပြခဲ့တယ်။

ဒါ့ကြောင့် ဗလင်စီယာပရိသတ်တွေက အူဘာမီယန်ကို မျက်မုန်းကျိုးနေခဲ့ပုံပါ။ ၄င်း ဂိုးသွင်းပြီး အရှိန်လွန်ကာ ကြော်ငြာဆိုင်းဘုတ်နားထိ ရောက်လာခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ဗလင်စီယာ ပရိသတ်တစ်ယောက်က အော်ဘာမီယန်ကို တံတွေးနဲ့လှမ်းထွေးလိုက်တာပါ။ ဒါပေမဲ့ ပွဲကြည့်စင်နဲ့ အူဘာမီယန် ရှိခဲ့တဲ့နေရာ ဝေးနေတာကြောင့် အော်ဘာမီယန်ဟာ တံတွေးမစင်ခဲ့ပါဘူး။

ဗလင်စီယာ ပရိသတ်ရဲ့ လုပ်ရပ်ဟာ မလုပ်သင့်တဲ့ လုပ်ရပ်ဖြစ်ကြောင်း ပရိသတ်တွေက ဝေဖန်နေကြပါတယ်။ အူဘာမီယန် ကတော့ ဒီဖြစ်ရပ်ကို သတိမမူမိပါဘူး။ ၄င်းက ဒီနှစ်ဘောလုံးရာသီမှာ အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြ ကစားနေပြီး ပရီးမီးယားလိဂ် ဂိုး ၂၀ သွင်းယူကာ ပြိုင်ပွဲစုံ ၄၉ ပွဲမှာ ၂၉ ဂိုးသွင်းထားပါတယ်။