၁။ ချဲလ်ဆီး – မန်ချက်စတာ ယူနိုက်တက် (စနေညနေ၊ ၆း၀၀ နာရီ)

မန်ယူအနေနဲ့ ဒီလိုပွဲကြီးပွဲကောင်းတွေမှာ ပြန်လည်နိုးထလာတတ်ပေမယ့် လက်ရှိအချိန်မှာ သူတို့ဟာ ဂိုးတွေအများကြီး ပေးထားရပါတယ်။ နယူးကာဆယ်နဲ့ပွဲက ရလဒ်ဟာ သူတို့ရဲ့ ရလဒ်ဆိုးတွေကို ကာဗာလုပ်ပေးရုံပဲ ရှိပါသေးတယ်။ ကျွန်တော်ကတော့ ချဲလ်ဆီးကိုပဲ ရွေးချယ်သွားရမှာပါ။ ယူနိုက်တက်အတွက် ချဲလ်ဆီးဟာ အရမ်း အင်အားတောင့်တင်းလွန်း နေပါတယ်။ယူနိုက်တက် ရှုံးရင်တော့ နည်းပြ ဟိုဆေးမော်ရင်ဟိုအတွက်တော့ ဖိအားတွေ ပိုများလာမှာပါ။ ရာသီအစမှာတုန်းကတော့ သူတို့အနေနဲ့ အမှတ်ပေးဖလားလမ်းကြောင်းမှာ ရှိနေတယ်လို့ ကျွန်တော်တို့ ပြောခဲ့ကြပါတယ်။ အခုတော့ သူတို့ဟာ ထိပ်ဆုံးလေးသင်း ထဲဝင်အောင်ကိုပဲ ကြိုးစားနေရပါတယ်။ ချဲလ်ဆီးနဲ့ (၇) မှတ်ပြတ်နေရာကနေ လာမယ့်ပွဲပြီးရင် (၁၀) မှတ်အထိ ပြတ်သွားပါလိမ့်မယ်။

ခန့်မှန်းရလဒ် ။ ချဲလ်ဆီး ၃ – ၁ မန်ချက်စတာယူနိုက်တက်

၂။ ဘုန်းမောက် – ဆောက်သမ်တန် (စနေည၊ ၈း၃၀ နာရီ)

ခန့်မှန်းရခက်တဲ့ ပွဲစဉ်တစ်ပွဲဖြစ်ပါတယ်။ ဘုန်းမောက်ဟာ ရယ်စရာကောင်းတဲ့ အသင်းပါ။ ပွင့်ပွင့်လင်းလင်းပြောရရင်ဘောလုံးဝေဖန်သုံးသပ်သူတွေ အတွက် ဘုန်းမောက်ပွဲကို ခန့်မှန်းရတာ အခက်ခဲဆုံးပါပဲ။ ကျွန်တော်အပတ်စဉ် ပြောနေကြအတိုင်းပဲ သူတို့ဆီကနေ ဘာရမယ်ဆိုတာကို ခန့်မှန်းထားလို့မရပါဘူး။ တစ်ပတ်မှာ ဂိုးပြတ်နိုင်နေပေမယ့် နောက်တစ်ပတ်မှာတော့ ဘန်လေကို လေးဂိုးပြတ်ရှုံးနိမ့်ပြန်ပါတယ်။ နောက်တစ်ပတ်မှာတော့ ဝက်ဖို့ဒ်ကို လေးဂိုးလောက် သွင်းပြီး အနိုင်ရရှိပြန်ပါတယ်။ သူ့လိုပဲ ဆောက်သမ်တန်ဟာလည်း ခန့်မှန်းရခက်တဲ့ အသင်းဖြစ်ပါတယ်။ သူတို့ နိုင်ပွဲမရတာ လေးပွဲဆက်ရှိနေပါပြီ။ ဘုန်းမောက်ကွင်းမှာသူတို့ သရေ တစ်မှတ်တော့ ရရှိသွားမယ်ထင်ပါတယ်။

ခန့်မှန်းရလဒ် ။ ဘုန်းမောက် ၁ – ၁ ဆောက်သမ်တန်

၃။ ကာဒစ်ဖ် – ဖူဟမ် (စနေည၊ ၈း၃၀ နာရီ)

ကာဒစ်ဖ်အတွက် လုံးဝကို နိုင်ရမယ့် ပွဲပါပဲ။ သူတို့သာ ဒီပွဲကို မနိုင်ရင်တော့ တန်းဆင်းဇုံကနေ လွတ်မြောက်ဖို့ ဒီထက်ပိုပြီးတော့ ခက်ခဲသွားဖို့ပဲ ရှိပါတယ်။ နောက်ထပ် (၂၉) ပွဲတောင်ရှိပါသေးတယ်ကွာ လို့ လူတွေ ပြောရင်ပြောပါလိမ့်မယ်။ ဒါပေမယ့်ကျွန်တော့်အတွက်တော့ ကာဒစ်ဖ်ဟာ ဒီအခြေအနေတွေကနေ လှည့်ထွက်ဖို့ ခက်ခဲသွားပါလိမ့်မယ်။ ဖူဟမ်လည်း ရလဒ်ကောင်းရရှိဖို့ လိုအပ်နေပါတယ်။ ဒါပေမယ့် သူတို့ဟာ အဝေးကွင်းလာကစားရမှာ ဖြစ်နေပါတယ်။ အဲဒါကြောင့် လက်ရှိအချိန်မှာ ဖိအားတွေ များနေတဲ့ ကာဒစ်ဖ်ကပဲ အိမ်ကွင်းမှာ အနိုင်ရရှိသွားလိမ့်မယ်လို့ ကျွန်တော်ခန့်မှန်းလိုက်ပါတယ်။

ခန့်မှန်းရလဒ် ။ ။ ကာဒစ်ဖ် ၂ – ၁ ဖူဟမ်

၎။ မန်ချက်စတာစီးတီး – ဘန်လေ (စနေည၊ ၈း၃၀ နာရီ)

ဘန်လေအတွက်တော့ အိပ်မက်ဆိုးနဲ့ လမိုက်ည လို့ ဆိုရမလိုပါပဲ။ နည်းပြ ရှောင်ဒိုက်ခ်ျအတွက်တော့ သူလုံးဝ မကစားချင်တဲ့ ပွဲစဉ် တစ်ပွဲ ဖြစ်ပါလိမ့်မယ်။ အဲဒါကြောင့် ဒီပွဲပြီးမှပဲ သူတို့အနေနဲ့ ပြန်လာနိုင်အောင် ကြိုးစားသွားဖို့ပဲ ရှိပါတယ်။ တကယ်လို့ မန်ချက်စတာ စီးတီးသာ တော်တော်လေးကို ကောင်းမယ်ဆိုရင်တော့ ဘန်လေအတွက် ဂိုးရလဒ်ဟာ မကြည့်ချင်စရာကောင်းလောက်အောင် ဖြစ်သွားပါလိမ့်မယ်။

ခန့်မှန်းရလဒ် ။ မန်ချက်စတာစီးတီး ၃ – ၀ ဘန်လေ

၅။ နယူးကာဆယ် – ဘရိုက်တန် (စနေည၊ ၈း၃၀ နာရီ)

ပြီးခဲ့တဲ့ အပတ်မှာ နယူးကာဆယ်အနေနဲ့ အိုးထရက်ဖို့ဒ်ကွင်းမှာ တစ်ခုခုတော့ ပြန်ရလာသင့်ပါတယ်။ သူတို့ရဲ့ အိုးထရက်ဖို့ဒ် ရှုံးပွဲဟာ တော်တော်လေးကို ရင်နာစရာကောင်းလှပါတယ်။ ဒါပေမယ့်လည်း သူတို့အနေနဲ့ အဲဒီပွဲဆီက အပေါင်းလက္ခဏာတွေကို ယူလာနိုင်မယ်ထင်ပါတယ်။ ဘရိုက်တန်ဟာ အဝေးကွင်းသိပ်ကောင်းလှတဲ့ အသင်းမဟုတ်ပါဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ သူတို့ဟာ လက်ရှိရာသီမှာ တော်တော်လေးကို အားနည်းနေပါတယ်။ အဲဒါကြောင့် ကျွန်တော်ကတော့ နယူးကာဆယ်ဘက်ကပဲ ရှိပါမယ်။ ဒီပွဲဟာ ရာဖေးလ်ဘင်နီတက်ဇ်နဲ့ သူ့အသင်းတို့ နိုင်ကိုနိုင်ရမယ့် ပွဲပါ။

ခန့်မှန်းရလဒ် ။ ။ နယူးကာဆယ် ၁ – ၀ ဘရိုက်တန်

၆။ ဝက်စ်ဟမ်း – တော့တင်ဟမ် စပါး (စနေည၊ ၈း၃၀ နာရီ)

လန်ဒန်ကွင်းမှာ ကစားတဲ့ ဒီလိုပွဲကြီးပွဲကောင်းတွေဆိုရင် ကျွန်တော်တို့ ဝက်စ်ဟမ်းအတွက် စိတ်ပူစရာမလိုပါဘူး။ဒီလိုပွဲစဉ်မျိုးဟာ ဝက်စ်ဟမ်းအတွက်တော့ ဝုဗ်တို့ ဘုန်းမောက်တို့ကို ကစားရသလိုပဲ ဖြစ်မှာပါ။ ဒါပေမယ့်လည်း မန်ယူနဲ့ ပွဲတုန်းကလိုပဲ ဒီပွဲမှာ ပရိသတ်တွေဟာ အားပေးကြမ်းပါလိမ့်မယ်။ ဝက်စ်ဟမ်းအနေနဲ့ အပြိုင်တိုက်စရာမလိုပါဘူး။ စပါးကို သူတို့တန်ပြန်တိုက်စစ်နဲ့ပဲ ကစားသွားလို့ရပါတယ်။ ဝက်စ်ဟမ်း ဒီပွဲကို ရှုံးမယ်ဆိုရင်တော့ ကျွန်တော် အံ့အားသင့်မိမှာပါ။ တော့တင်ဟမ်ဟာပုံစံကေင်းတွေ ပျောက်ဆုံးနေပြီး နိုင်ငံတကာပွဲစဉ်တွေ အတွက်ကစားသမားတွေ အများကြီးလွှတ်ထားရတာပါ။ ဝက်စ်ဟမ်းကိုရှုံးမယ်လို့ မထင်တဲ့အတွက် သရေလို့ ခန့်မှန်းလိုက်ပါတယ်။ အနိုင်အတွက်ဆိုရင်တော့ ဝက်စ်ဟမ်းကိုပဲ ကြိုက်ပါတယ်။

ခန့်မှန်းရလဒ် ။ ။ ဝက်စ်ဟမ်း ၁ – ၁ တော့တင်ဟမ် ဟော့စပါး

၇။ ဝုဗ်ဗာဟမ်တန် – ဝက်ဖို့ဒ် (စနေည၊ ၈း၃၀ နာရီ)

ဝက်ဖို့ဒ်က ခြေစွမ်းမတည်ငြိမ်တဲ့ အသင်းဖြစ်ပါတယ်။ တစ်ပတ်မှာ သူတို့ ခြေစွမ်းကောင်းကောင်းနဲ့ အနိုင်ရရှိပေမယ့်နောက်တစ်ပတ်မှာ ချက်ခြင်းကြီး လေးဂိုးပြတ်နဲ့ ဘုန်းမောက်ကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ပါတယ်။ ဒီပွဲဟာလည်း ခန့်မှန်းရခက်တဲ့ပွဲစဉ်ပါပဲ။ ဝုဗ်ဟာ အိမ်ကွင်းကောင်းတဲ့ အသင်းဖြစ်ပါတယ်။ ဘုန်းမောက်ကို ဂိုးပြတ်ရှုံးထားတာကို မေ့ထားလိုက်မယ်ဆိုရင် ဝက်ဖို့ဒ်ဟာလည်း ဒီရာသီမှာ တော်တော်လေးကို ကောင်းတဲ့ အသင်းဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ အိမ်ကွင်းအားသာချက်ရှိတဲ့ ဝုဗ်ဘက်မှာပဲ ရှိပါမယ်။

ခန့်မှန်းရလဒ် ။ ။ ဝုဗ်ဗာဟမ်တန် ၂ – ၁ ဝက်ဖို့ဒ်

၈။ ဟက်ဒါစ်ဖီးလ် – လစ်ဗာပူးလ် (စနေည၊ ၁၁း၀၀ နာရီ)

ဟက်ဒါစ်ဖီးလ်ကို အဝေးကွင်းသွားကစားရမယ့် လစ်ဗာပူးလ်မှာ ဒဏ်ရာပြဿနာ အချို့ရှိနေပါတယ်။ ယာဂင်ကလော့ပ်ရဲ့ လစ်ဗာပူးလ်အသင်းဟာ အပတ်စဉ်တိုင်းမှာ မြန်နှုန်းမြင့် ကစားတာကြောင့် ကစားသမားတွေ ဒဏ်ရာရရှိတတ်တာဟာ မဆန်းလှပါဘူး။ ဒါပေမယ့်လည်း ဟက်ဒါစ်ဖီးလ်အတွက်တော့ လစ်ဗာပူးလ်ဟာ တော်တော်လေးကို ခက်ခဲမယ့် ပြိုင်ဘက်ဖြစ်ပါတယ်။ဒဏ်ရာပြဿနာတွေ ရှိနေတဲ့ အချိန်မှာ ဒီပွဲဟာ သူတို့အတွက် အသင့်တော်ဆုံးပွဲစဉ်ပါပဲ။ ဒီလို ဒဏ်ရာပြဿနာတွေ နဲ့ ချဲလ်ဆီးတို့ မန်ယူတို့ အိမ်ကွင်းကိုတော့ သွားကစားချင်မှာ မဟုတ်ပါဘူး။ ဒေးဗစ်ဝါဂ်နာရဲ့ ဟက်ဒါစ်ဖီးလ်အနေနဲ့ အိမ်ကွင်းမှာ တစ်ဂိုးမှ
တောင် သွင်းနိုင်မယ်မထင်ပါဘူး။

ခန့်မှန်းရလဒ် ။ ။ ဟက်ဒါစ်ဖီးလ် ၀ – ၃ လစ်ဗာပူးလ်

၉။ အဲဗာတန် – ခရစ္စတယ်ပဲလေ့စ် (တနင်္ဂနွေည၊ ၉း၃၀ နာရီ)

ပြီးခဲ့တဲ့ အပတ်မှာ လက်စတာကို အဝေးကွင်းမှာ အနိုင်ရရှိခဲ့တာကတော့ အဲဗာတန်အတွက် တော်တော်လေးကို ချိုမြိန်ခဲ့ပါတယ်။ ကာရာဘောင်ဖလားပွဲစဉ် ရှုံးပွဲအပြီး လက်စတာနဲ့ ပွဲမှာ အကောင်းဆုံးပုံစံနဲ့ ပြန်လာနိုင်ခဲ့တာပါ။ လာမယ့် ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲမှာလည်း ပုံစံကောင်းတွေ ဆက်လက်ပြသနိုင်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ခရစ္စတယ်ပဲလေ့စ်ဟာ လက်ရှိအချိန်မှာ စုစုစည်းစည်းကစားနိုင်ခြင်းမရှိဘူး ဖြစ်နေပါတယ်။ သူတို့ဟာ ဆိုးဆိုးရွားရွား ရုန်းကန်နေရတာပါ။ အဲဒါကြောင့် ကျွန်တော်ကတော့ အိမ်ကွင်းအသင်းပဲ သက်တောင့်သက်သာ အနိုင်ရသွားမယ်လို့ ထင်ပါတယ်။

ခန့်မှန်းရလဒ် ။ အဲဗာတန် ၂ – ၀ ခရစ္စတယ်ပဲလေ့စ်

၁၀။ အာဆင်နယ် – လက်စတာစီးတီး (တနလာင်္ နံနက်၊ ၁း၃၀ နာရီ)

ပြိုင်ပွဲစုံ ကိုးပွဲဆက်အနိုင်ရရှိထားတာဟာ အာဆင်နယ်အတွက်တော့ အဆင့်အတန်းတစ်ခုကို ပြသလိုက်တာပါပဲ။အာဆင်နယ်ဟာ ယုံကြည်မှုတွေ ပြည့်ဝနေပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် သူတို့ အနိုင်မရခဲ့သင့်တဲ့ ပွဲစဉ်အချို့ရှိခဲ့ပါတယ်။ဒါပေမယ့်လည်း သူတို့ဟာ ကံကြမ္မာရဲ့ ဖေးမမှုတွေကို ကောင်းကောင်းအသုံးချပြီး ရလဒ်တွေ ကောင်းအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ အာဆင်နယ်အတွက် အရေးအကြီးဆုံးက သူတို့ရဲ့ တိုက်စစ်ကစားသမားတွေပါပဲ။ အမြဲတမ်းဂိုးတွေသွင်းယူနိုင်စွမ်း ရှိနေပါတယ်။ အာဆင်နယ်အနေနဲ့ ထုံးစံအတိုင်း ဂိုးတော့ ပေးရပါလိမ့်မယ်။ ဒါပေမယ့် သူတို့အနေနဲ့ လက်စတာကို သုံးဂိုးလောက်သွင်းရင်ပဲ လုံလောက်ပါပြီ။

ခန့်မှန်းရလဒ် ။ အာဆင်နယ် ၃ – ၁ လက်စတာစီးတီး

Goal Reader