မန်ချက်စတာယူနိုက်တက်ဟာ မိုက်ဖီလန်ကို လက်ထောက်နည်းပြအဖြစ် တရားဝင်ခန့်အပ်လိုက်ပါပြီ။ အသက် (၅၆) နှစ်အရွယ် ရှိပြီဖြစ်တဲ့ မိုက်ဖီလန်ကို ဆိုးရှားက သူယာယီနည်းပြအဖြစ် ကိုင်တွယ်ချိန်ကတည်းက ပြန်လည်ခေါ်ယူခဲ့တာပါ။

မန်ယူဟာ သူ့ကိုလည်း ဆိုးရှားလိုပဲ (၃) နှစ်စာချုပ်နဲ့ တရားဝန် ခန့်အပ်ခဲ့တယ်လို့ သိရှိရတာပါ။ ပြီးခဲ့တဲ့လက ဆိုးရှားကို မန်ယူ အမြဲတမ်းနည်းပြအဖြစ် တရားဝန်ခန့်အပ်ခဲ့ချိန်မှာ မိုက်ဖီလန်နဲ့ ပတ်သက်ပြီး ယူနိုက်တက်ဖက်က ဘာသတင်းမှ ပေါ်ထွက်ခဲ့ခြင်း မရှိသေးတာပါ။ သူဟာ ယူနိုက်တက်ရဲ့ ဂန္တ၀င်နည်းပြကြီး ဖာဂူဆန်ရဲ့ လက်ထောက်နည်းပြအဖြစ်လည်း ကာလရှည်ကြာ ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။

သူဟာ (၂၀၁၃) ခုနှစ်မှာ ယူနိုက်တက်နဲ့ လမ်းခွဲခဲ့ပြီး ဟာလ်းစီးတီးအသင်းကို ကိုင်တွယ်ခဲ့ပါသေးတယ်။
အဲဒီနောက်မှာတော့ A-League ကလပ် Central Coast Mariners အသင်းရဲ့ အားကစားဒါရိုက်တာ တာဝန်ယူနေစဉ် ယူနိုက်တက်ကို ဆိုးရှားနဲ့အတူ ပြန်လည်ရောက်ရှိလာသူပါ။

သူက “ ကျွန်တော် ယူနိုက်တက်ကို လက်ထောက်နည်းပြအဖြစ် ပြန်လာဖို့အတွက် တကယ့်ကို စိတ်လှုပ်ရှားခဲ့ရပါတယ်။ ယူနိုက်တက်ဟာ ကျွန်တော့်ရဲ့ တကယ့်ကို ကြီးမားတဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။

(၁၉၈၉) ခုနှစ်မှာ ကစားသမားဘ၀နဲ့ အသင်းကို ရောက်ရှိခဲ့ချိန်ကစပြီး အခုချိန်ထိ အသင်းအတွက် အရေးပါတဲ့ နေရာတစ်ခုကနေ ပါဝင်ခွင့်ရတဲ့အတွက် ၀မ်းမြောက်မိပါတယ်။ ဒီဇင်ဘာလမှာ ယူနိုက်တက်ကို နောက်တစ်ကြိမ် ပြန်လာခွင့်ရခဲ့ပြီး ဆိုးရှားတို့နဲ့အတူ အလုပ်တွဲလုပ်ရတာကို ပျော်ရွင်မိပါတယ်။ ခုချိန်မှာတော့ ကျွန်တော်တို့အားလုံး ရာသီသစ်အတွက် အာရုံစိုက်နေကြတာပါ။ “ လို့ ပြောကြားသွားခဲ့ပါတယ်။

မိုက်ဖီလန်ဟာ ယူနိုက်တက်ရဲ့ အကြောင်းတွေကို ကောင်းကောင်းသိသူဖြစ်ပြီး အစောပိုင်းကာလတွေက ဆိုးရှားရဲ့ ရလာဒ်ကောင်းတွေအတွက် အများကြီး ကူညီခဲ့တယ်လို့ အားလုံးက ယုံကြည်နေကြတာပါ။

ဆိုးရှားကိုယ်တိုင်ကလည်း မိုက်ဖီလန်နဲ့ ပတ်သက်ပြီး “ တကယ့်ကို ကြီးကျယ်တဲ့လူတစ်ယောက် အသင်းမှာ ရှိနေတာပါ။ အသင်းနဲ့ အချိန်အတော်ကြာ ဆက်နွယ်မှုတွေရှိခဲ့ပြီး အသင်းအတွက် အတွေ့အကြုံကောင်းတွေ အများကြီး ယူလာခဲ့သူပါ။ “ လို့ ပြောကြားခဲ့ပါသေးတယ်။

ဆိုးရှားနဲ့ မိုက်ဖီလန်တို့အတွက် စိန်ခေါ်မှုတွေက အသင့်စောင့်ကြိုနေပါပြီ။ သူတို့နှစ်ဦးဟာ ဂန္တ၀င်နည်းပြကြီး ဖာဂူဆန်နဲ့ အနီးကပ်ဆုံး ရှိခဲ့တဲ့သူတွေ ဖြစ်ခဲ့တဲ့အတွက် ဖာဂူဆန် တည်ဆောင်ခဲ့သလိုမျိုး ခမ်းနားတဲ့ ယူနိုက်တက်ကို ပြန်လည်အသက်သွင်းနိုင်မယ် ဆိုတာကတော့ လုံးဝကို သံသယဖြစ်ဖွယ် မရှိပါဘူး။