မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့် သီတင်းပတ်အကုန်မှာ မဟာပြိုင်ဖက်တွေ ဆုဖလား သိမ်းပိုက်တော့မှာကို မြင်တွေ့ရတော့မှာပါ။ ပရီးမီးယားလိဂ်ရဲ့ နောက်ဆုံးပွဲစဉ် အပြီးမှာတော့ လီဗာပူးနဲ့ မန်ချက်စတာစီးတီးတို့ရဲ့ကြား ဘယ်သူချန်ပီယံဖြစ်မလဲဆိုတာ ပေါ်ထွက်လာပါတော့မယ်။

နည်းပြ ဆိုးရှားကတော့ အသင်းဟာ နောက်ရာသီမှာတောင် ချန်ပီယံဆုကို စိန်ခေါ်ဖို့ ခက်ခဲနေဦးမယ်လို့ ၀န်ခံပြောကြားလိုက်ပါတယ်။ အသင်းဟာ အမှတ်ပေးဇယားထိပ်နဲ့ (၂၉) မှတ်အထိ ကွာဟနေခဲ့ပြီး ချန်ပီယံလိဂ် ၀င်ခွင့်ကိုပါ ဆုံးရှုံးထားရတာပါ။ မန်ချက်စတာနှစ်သင်းကြား ကွာဟမှုတွေဟာ တဖြည်းဖြည်း ပိုမိုကျယ်ပြန့်လာနေပြီး ဆိုးရှားကိုယ်တိုင်ကလည်း အဆိုပါအခြေအနေကို ၀န်ခံသွားခဲ့ပါတယ်။

ဆိုးရှားက “ ရိုးရိုးသားသား ပြောပြရမယ်ဆိုရင် ကျွန်တော်တို့အတွက် နောက်နှစ်ဟာလည်း ချန်ပီယံဘွဲ့ကို စိန်ခေါ်ဖို့ ခက်ခဲတဲ့ ရာသီတစ်ခု ဖြစ်နေဦးမှာပါ။ ဘာလို့လည်းဆိုတော့ ကျွန်တော်တို့အသင်းဟာ ဒီနှစ်မှာ နောက်ကို တော်တော်လေး ပြတ်ကျန်နေခဲ့လို့ပါ။ နောက်ရာသီမှာတော့ ကျွန်တော်တို့ ကွာဟချက်တွေကို ပြန်နီးစပ်လာအောင် လုပ်ရပါမယ်။

ခုချိန်မှာတော့ ကျွန်တော်တို့ဟာ ခရစ်စမတ်ကာလက ရောက်ရှိခဲ့တဲ့ နေရာနဲ့လည်း အများကြီး ဝေးကွာနေခဲ့ပါပြီ။ ပရီးမီးယားလိဂ်ဆိုတာ တကယ့်ကို ပြိုင်ဆိုင်မှုတွေ ပြင်းထန်လွန်းတဲ့ လိဂ်တစ်ခုပါ။ အခြေအနေတွေဟာ ရောထွေးကုန်ပေမယ့် ဒါကို ကျွန်တော်ကိုင်တွယ်နိုင်ပါတယ်။ “ လို့ ပြောကြားခဲ့ပါတယ်။

အခြားသော အသင်းတွေက ဖလားပွဲတွေ ကိုယ်စီ ကစားရပါဦးမယ်။ မြို့ခံပြိုင်ဖက် စီးတီးအသင်းက ၀က်ဖိုဒ့်အသင်းနဲ့ FA Cup ဖိုင်နယ်ပွဲစဉ် ကစားရပါမယ်။ လီဗာပူးက တော်တင်ဟမ်နဲ့ ချန်ပီယံလိဂ်ဖိုင်နယ် ရင်ဆိုင်ရမှာဖြစ်ပြီး ချယ်ဆီးကတော့ အာဆင်နယ်နဲ့ ယူရိုပါလိဂ်ဖိုင်နယ်အတွက် ရင်ဆိုင်ရမှာပါ။

ဆိုးရှားက “ ဒါဟာ ကျွန်တော်တို့ရဲ့ လိဂ်မှာ လက်ရှိဖြစ်ပျက်နေတဲ့ အရာအားလုံးပါပဲ။ ဒါဟာ ကျွန်တော် ဒီလိဂ်မှာ ကစားခဲ့တုန်းက ပုံစံတွေနဲ့တော့ ကွာခြားနေခဲ့ပါပြီ။ ကျွန်တော်တို့တုန်းက အာဆင်နယ်နဲ့ ချန်ပီယံနေရာအတွက် ယှဉ်ပြိုင်ခဲ့ကြရပြီး အဲဒီနောက်မှာတော့ ချယ်ဆီးပါ ပါဝင်လာခဲ့တာပါ။

လက်ရှိမှာတော့ ပြိုင်ဆိုင်မှုတွေဟာ တကယ့်ကို ပြင်းထန်လာခဲ့ပါပြီ။ ကျွန်တော်တို့ဟာ ဒီဆုဖလားအတွက် ကမ္ဘာ့အကောင်းဆုံး အသင်းတွေနဲ့ ရင်ဆိုင်ပြီး စိန်ခေါ်ရတော့မှာပါ။ ဒါဟာ ကျွန်တော်တို့အတွက် တကယ့် စိန်ခေါ်မှုကောင်း တစ်ခုပါပဲ။ ကျွန်တော်တို့ ပိုင်ဆိုင်ခဲ့တဲ့ နေရာကို ပြန်ရောက်ချင်ပါတယ်။

တစ်သင်းလုံးသာမက အသင်းရဲ့ တာဝန်ရှိသူတွေကပါ နောက်လာမယ့်ရာသီမှာ စိန်ခေါ်မှုတွေနဲ့ ပြည့်နှက်နေတာကို သိကြပါတယ်။ ကျွန်တော်တို့အတွက်တော့ ပထမဦးဆုံး နေ့ရက်တွေက အစပြုပြီး အရေးကြီးလာတော့မှာပါ။ ရာသီကြို ပွဲစဉ်တွေကတောင် ကျွန်တော်တို့အတွက် အရေးပါလာဖို့ ရှိနေပါပြီ။ “ လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။