မန်ယူခံစစ်သမားဟောင်း ဝက်ဘရွန်းက မန်ချက်စတာ ယူနိုက်တက်မှာ တွဲကစားဖူးတဲ့ အသင်းဖော်တွေထဲမှာ သူ့အတွက် အကောင်းဆုံးက ရိုင်ယန်ဂစ်ဖြစ်တယ်လို့ ထုတ်ပြောလာပါတယ်။

မန်ယူပရိသတ်တွေကြားမှာ အကောင်းဆုံးကစားဆိုရင် စီရိုနယ်ဒို ဒါမှမဟုတ် ရွန်းနီလို့ ပြောတတ်ကြပေမယ့် ဝက်ဘရောင်းကတော့ ဂစ်ကပဲ မန်ယူရဲ့ အကောင်းဆုံး ကစားသမားလို့ ဆိုပါတယ်။ ဝက်ဘရောင်းဟာ မန်ယူမှာ ရိုနယ်ဒို၊ ဂစ်တို့နဲ့ တွဲဘက် ကစားခဲ့ဖူးပြီး ဂစ်ဟာ သူ့ရဲ့ စီနီယာလည်း ဖြစ်ပါတယ်။

ရိုနယ်ဒိုဟာ မန်ယူအသင်းမှာ အောင်မြင်မှုတွေ များစွာရခဲ့သလို စပိန်မြေကို ပြောင်းရွှေ့သွားချိန်မှာလည်း ကမ္ဘာအထွန်းတောက်ဆုံး ကစားသမားတစ်ဦးအဖြစ် ယနေ့တိုင် ဆက်လက် ရပ်တည်နေပါတယ်။ ဝက်ဘရောင်းအတွက်ကတော့ သူ့ရင်ထဲက အကောင်းဆုံးသော မန်ယူအသင်းသားဟာ ဂစ်ဖြစ်တယ်လို့ ဖွင့်ဟခဲ့တယ်။

ဝက်ဘရောင်းက ” ကျွန်တော့်ရဲ့ ရွေးချယ်မှုကတော့ အခြားသော သူတွေနဲ့ တူနိုင်မှာ မဟုတ်ဘူး။ ကျွန်တော် အမြဲပြောပါတယ်။ ရိုင်ယန်ဂစ်က အကောင်းဆုံးဆိုတာကိုပါ။

မန်ယူကစားသမားတွေထဲမှာ ဘယ်သူအကောင်းဆုံးလဲ ဆိုရင် လူတွေပြောကြတာက စီရိုနယ်ဒိုဖြစ်တယ်ပေါ့။ အချို့ကတော့ ရွန်းနီလို့ ပြောကြပါတယ်။ ကျွန်တော့် ခံစားချက်အရ ဂစ်က အမြဲတမ်း အကောင်းဆုံး ကစားသမားပါ။ ကျွန်တော် ငယ်ငယ်လေးကတည်းက ရိုင်ယန်ဂစ်ဟာ မန်ယူအတွက် အကောင်းဆုံး ကစားခဲ့တာပါ ” လို့ ပြောကြားခဲ့ပါတယ်။