ဗလင်စီယာနဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်ကို နောက်ကျပြီးမှ ပွဲစခဲ့တဲ့အတွက် မန်ချက်စတာယူနိုက်တက်ကို UEFA က ဒဏ်ငွေ ယူရို တစ်သောင်းခွဲ ဒဏ်ရိုက်လိုက်ပါတယ်။ အောက်တိုဘာ ၂ ရက်နေ့ ကစားခဲ့တဲ့ အဆိုပါ ပွဲစဉ်မှာ ယူနိုက်တက်အသင်းဟာ အိုးထရက်ဖို့ဒ်ဆီ နာရီဝက်နောက်ကျပြီးမှာ ရောက်လာပြီး ပွဲစချိန်ကတော့ ၅ မိနစ် နောက်ကျခဲ့ပါတယ်။ ဒဏ်ငွေ ယူရို တစ်သောင်းခွဲမှာ ၅၀၀၀ က ကွင်းကို နောက်ကျမှ ရောက်လာလို့ ဖြစ်ကာ ယူရို တစ်သောင်းကတော့ ပွဲစတာ နောက်ကျတဲ့အတွက် ဖြစ်ကြောင်း သိရပါတယ်။

ဆုဖလားတွေ သိမ်းပိုက်ခဲ့တဲ့ ရွှေရောင်ကာလက မန်ချက်စတာ ယူနိုက်တက်အသင်း အ၀တ်လဲခန်းမှာ ကြီးစိုးခဲ့တဲ့ ကစားသမား ၅ ယောက်အမည်ကို ၀ိန်းရွန်းနီက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ထို ၅ ယောက်ကတော့ ရွန်းနီအပါအ၀င် ရွိုင်ယန်ဂစ်၊ ဂယ်ရီနဗီးလ်၊ ပေါစခိုးလ်နဲ့ ရီယို ဖာဒီနန်တို့ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ရဲ့ ဒဏ်ရာရလူစာရင်းမှာ ဒါလော့၊ ဖယ်လိုင်နီ၊ တွန်မီနေးတို့ ရှိနေပြီး ချယ်ဆီးနဲ့ ရင်ဆိုင်ရမယ့်ပွဲကို လွဲချော်ကြဦးမှာ ဖြစ်ပါတယ်။ ထို ၃ ယောက်ကလွဲရင် မာတစ်၊ လုရှော၊ ဟာရဲရားအပါအ၀င် ယူနိုက်တက် ကစားသမားအားလုံး ပွဲကစားဖို့ ကြံ့ခိုင်မှု အပြည့်ရှိနေပြီး လန်ဒန်ကို ထွက်ခွာသွားတဲ့ လူစာရင်းမှာလည်း ပါဝင်လာပါတယ်။

အာဆင်နယ်အသင်းတိုက်စစ်မှူး လာကာဇက်တီက အသင်းဖော် အူဘာမီယန်နဲ့ သူ့ကြားမှာ ပြိုင်ဘက်အဖြစ် ယှဉ်ပြိုင်မှု မရှိပါဘူးလို့ ထံမံ အတည်ပြုလိုက်ပါတယ်။ နှစ်ဦးလုံးက အာဆင်နယ်တိုက်စစ်မှာ ခြေစွမ်းပြနေပေမယ့် သွင်းဂိုးပိုင်းအတွက် ဘယ်သူက ဦးစားပေးလဲ ဆိုတာနဲ့ ပက်သက်ပြီး မေးခွန်းထုတ်ခံရမှုတွေ ရှိနေဆဲဖြစ်တယ်။

နိုင်ပွဲတွေ ဆက်နေပေမယ့် အမ်မရီကတော့ အသင်းရဲ့ ရည်မှန်းချက် မျှော်မှန်းချက်တွေက မြင့်မားတာနဲ့ အမျှ အာဆင်နယ်အသင်းမှာ တိုးတက်စရာတွေ အများကြီး ကျန်သေးတယ်လို့ ဆိုပါတယ်။ ရောမမြို့ကြီးကို တစ်ရက်တည်း ဆောက်နိုင်တာ မဟုတ်သလို အာဆင်နယ် ပရိသတ်တွေအနေနဲ့ အရှိတရားကို မြင်နိုင် လက်ခံနိုင်စေလိုကြောင်းလည်း အမ်မရီက သတိပေးသွားပါတယ်။

အာဆင်နယ်အသင်းရဲ့ အားကစားဒါရိုက်တာအသစ် ဖြစ်လာသူ Vinai Venkatesham က အင်္ဂလန်မှာ အစဉ်အလာကြီးမားတဲ့ ကလပ်အသင်း အောင်မြင်ဖို့အတွက် ကွင်းပြင်ပကနေ ဝင်ငွေပိုင်း တိုးတက်လာအောင် ကြံဆောင်ပြီး စံပြကလပ်အသင်းအဖြစ် အောင်မြင်ဖို့ရာ ယုံကြည်မှုရှိကြောင်း သူ့ရဲ့တာဝန် လွဲပြောင်းယူမှုအပြီး ထုတ်ပြောလိုက်ပါတယ်။

ထူးချွန်တဲ့ကစားသမားများစွာ မွေးထုတ်ပေးနေတဲ့ စပါးအကယ်ဒမီမှ နောက်ထပ် ထွန်းတောက်လာမယ့် ကစားသမားအဖြစ် လူငယ်ကွင်းလယ် ကစားသမားလေး Oliver Skipp ကို အဲရစ်ဆန်က ချီးကျူးစကားဆိုလိုက်ပါတယ်။ Skipp ဟာ ပွဲကို ကောင်းစွာ ထိန်းချုပ်နိုင်ပြီး ရဲရင့်တဲ့ ကစားသမားကောင်း ဖြစ်တယ်လို့ ၄င်းက ဆိုပါတယ်။

ဘောလုံးသမားတစ်ယောက် ဖြစ်လာတာက ဆာပေါ်လိုရဲ့ လမ်းမတွေပေါ်မှာ ရမ်းကားနေမယ့် ရာဇ၀တ်သား ဖြစ်မယ့် အရေးက လွတ်မြောက်သွားစေကြောင်း စပါး တောင်ပံ တိုက်စစ်မှူး လူးကပ်မိုရာက ၀န်ခံစကားဆိုလိုက်ပါတယ်။ သူငယ်ချင်းတွေထဲမှာ လမ်းမှားကို ရွေးချယ်သွားသူတွေ ရှိပေမယ့် ၄င်းကတော့ လမ်းပေါ်မှာ ဘောလုံးကစားရင်း ဘောလုံးသမား ဖြစ်ချင်တဲ့ အိပ်မက်သာ ရှိခဲ့တယ်လို့ လူးကပ်မိုရာက ပြောကြားခဲ့ပါတယ်။

ဘာစီလိုနာအသင်းမှ လူငယ်ကစားသမား မဲလ်ကွန်ကို စောင့်ကြည့်ဆဲ ဖြစ်တဲ့ စပါးအသင်းက လာမယ့် ဇန်န၀ါရီမှာ ယူရို သန်း ၅၀နဲ့ ကမ်းလှမ်းသွားဖို့ ရှိတယ်လို့ သတင်းများမှာ ဖော်ပြလာပါတယ်။

လက်မ ခွဲစိတ်မှု ခံယူထားရတဲ့ မာနေးနဲ့ ဒဏ်ရာရှိနေတဲ့ မိုဆာလက်ရဲ့ အခြေအနေကတော့ ကစားနိုင်ဖို့ စောင့်ကြည့်ရဆဲ ဖြစ်ပြီး ခံစစ်မှူး ဗန်ဒိုက်ကတော့ ပါဝင်ကစားနိုင်မယ်လို့ ဆိုပါတယ်။ ဗန်ဒိုက်မှာ နံရိုးကျိုးနေတဲ့ ဒဏ်ရာ ရှိကြောင်း နယ်သာလန်အသင်း မန်နေဂျာ ကိုးမန်းကတော့ ပြောကြားထားပါတယ်။

တံကောက်ကြော ဒဏ်ရာ ရှိနေတဲ့ ကွင်းလယ်ကစားသမား ကိတ်တာ ဟက်ဒါဖီးလ်နဲ့ ပွဲမှာ ပါဝင်နိုင်မှာ မဟုတ်ကြောင်း လီဗာပူးအသင်း မန်နေဂျာ ယာဂင်ကလော့ပ်က ပွဲကြိုရှင်းလင်းပွဲမှာ အတည်ပြုသွားပါတယ်။ ကိတ်တာက အနည်းဆုံး နှစ်ပတ် နားရဖွယ် ရှိပါတယ်။

ဆာလက်ရဲ့ လက်ရှိခြေစွမ်းနဲ့ ပတ်သတ်ပြီး စိုးရိမ်ပူပန်မှု မရှိကြောင်း အသင်းဖော် ဗန်ဒိုက်က ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ်နဲ့ ဂိုးအရေအတွက် ရထားတာချင်း တူတာတောင် ဆာလက်ရဲ့ ပုံစံ အကောင်းဆုံး အနေအထားမှာ မရှိဘူး တွင်တွင်ပြောနေတဲ့ ဝေဖန်မှုတွေကို နားမလည်နိုင်ကြောင်း ဗန်ဒိုက်က ဆိုပါတယ်။

ချယ်ဆီးစတား အေဒင် ဟာဇက်က ယူနိုက်တက် ကွင်းလယ်ကစားသမား ဟာရဲရားကို ၄င်းကို လူကပ်ကစားလည်း ကျော်ဖြတ်သွားမှာ ဖြစ်ကြောင်း ကြိုတင်သတိပေးစကား ဆိုလိုက်ပါတယ်။ ချယ်ဆီး – ယူနိုက်တက်ပွဲမှာ ဟာရဲရားဟာ ပရီးမီးယားလိဂ် စက်တင်ဘာလ အကောင်းဆုံးကစားသမား ဆု ရပြီး ဒီရာသီ ခြေစွမ်းပြနေတဲ့ ဟာဇက်ကို တားဆီးရဖို့ ရှိပါတယ်။

ဆာရီရဲ့ ချယ်ဆီးအသင်းမှာ နှစ်ကြိမ်သာ ကစားထားရပြီး ဒေးဗစ်လုဇ်ရဲက နောက်မှာသာ ရှိတဲ့ ခံစစ်မှူး ခရစ္စတန်က အသင်းက ထွက်ခွာလိုနေပြီး ခရစ္စမတ်ကာလထိ အခြေအနေတွေ မပြောင်းလဲပါက ဇန်န၀ါရီမှာ အသင်းမှ ထွက်ခွာခွင့် တောင်းမှာ ဖြစ်ကြောင်း ကစားသမားရဲ့ ဖခင်ဖြစ်သူက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ချယ်ဆီးအသင်းဟာ အားထားရတဲ့ ကစားသမား ဟာဇက်ရဲ့ စာချုပ်သစ်အတွက်ဆွေးနွေးမှုကို ခရစ္စမတ် မတိုင်ခင်မှာ ဆွေးနွေးဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။ သတင်းများအရ ချယ်ဆီးအသင်းက ဟာဇက်ကို တစ်ပတ် လုပ်ခ ပေါင် ၃သိန်းနဲ့ ကမ်းလှမ်းဖို့ ရှိပါတယ်။

ဘန်လေနဲ့ပွဲမှာ ဒီဘရိုင်းတစ်ယောက် ပါဝင်ကစားနိုင်ပြီဖြစ်ကြောင်း မန်စီးတီးမန်နေဂျာ ပက်ဂွာဒီယိုလာက အတည်ပြု ပြောကြားသွားပါတယ်။ ဒါပေမယ့် ပွဲထွက် ကစားဖို့တော့ ကြံ့ခိုင်မှု အပြည့်အ၀ ရှိမရှိ စောင့်ကြည့်ဦးမယ်လို့ ၄င်းက ဆိုပါတယ်။

တစ်လကြာ အနားယူခဲ့ရတဲ့ ဖာဘီယန်ဒပ်ဖ်လည်း ပြန်လာနိုင်ပြီဖြစ်ပြီး ဂွမ်ဒိုဂန်ကတော့ ပြန်ကစားနိုင်ဖို့ နောက်ထပ် သီတင်းပတ် ၃ပတ်မျှ ကြာဦးမယ်လို့ သိရပါတယ်။

မန်စီးတီးအသင်းဟာ အသင်းမှာ ၁၂ ကြာကစားသွားတဲ့ ဂိုးသမား ဂျိုးဟတ်ကို ဂုဏ်ပြုသောအားဖြင့် အသင်းလေ့ကျင့်ရေးမှ ကွင်းတစ်ကွင်းကို ဂျိုးဟတ် နာမည်ပေးလိုက်ပါတယ်။ အသက် ၃၁ နှစ်ရှိပြီဖြစ်တဲ့ ဂျိုးဟတ်ဟာ ပြီးခဲ့တဲ့ သြဂုတ်လကမှ ဘန်လေအသင်းဆီ အပြီးပြောင်းရွှေ့သွားတာ ဖြစ်ပါတယ်။