အီတီဟတ်ကွင်းမှာ မန်စီးတီးက ဘန်လေကို 5-0 နဲ့ အနိုင်ရတဲ့ အိမ်ကွင်းပွဲ ဒုတိယပိုင်းမှာ ရာသီစကတည်းက ဒဏ်ရာကြောင့် ပွဲထွက်ပေးနိုင်ခြင်း မရှိတဲ့ ကွင်းလယ်လူ ဒီဘရိုင်း ပါဝင်ကစားခဲ့ပါတယ်။ အဆိုပါပွဲမှာ လီဗာပူးနဲ့ပွဲ ပင်နယ်ထီပြစ်ဒဏ်ကို လွဲချော်ခဲ့တဲ့ မာရက်စ်ကလည်း သွင်းဂိုးတစ်ဂိုး ရရှိခဲ့ပါတယ်။ ပွဲစဉ် 9 အပြီးမှာ မန်စီးတီးက ရမှတ် 23 မှတ် သွင်းဂိုးအသားနဲ့အတူ အမှတ်ပေးဇယားကို ဦးဆောင်ခဲ့ပါပြီ။

ချဲလ်ဆီးနဲ့ပွဲမှာ လန်ဒန်ကလပ်ဘက်က နည်းပြအဖွဲ့ဝင်တစ်ဦးရဲ့ အလွန်ကအကျူး အောင်ပွဲခံမှုဟာ ငယ်ရွယ်စဉ် သွေးကြွမှုဖြစ်ပြီး ဆာရီနဲ့တကွ အဆိုပါ နည်းပြတို့က မန်နေဂျာမော်ရင်ညိုကို လာရောက်တောင်းပန်သွားသလို တောင်းပန်မှုကိုလည်း လက်ခံပါတယ်လို့ မော်ရင်ညိုက ပွဲပြီး အင်တာဗျူးတွေမှာ အဖြေပေးခဲ့ပါတယ်။

မန်နေဂျာမော်ရင်ညိုဟာ ချဲလ်ဆီးနဲ့ပွဲမှာ ဘယ်တောင်ပံကနေ ပွဲထွက်ခွင့်ရလာခဲ့တဲ့ မာရှယ်ကို တုန့်ပြန်မှုကောင်းတွေ ပေးသွားခဲ့ပါတယ်။ ပွဲရဲ့ အကောင်းဆုံး ကစားသမားအဖြစ် ခြေစွမ်းပြခဲ့တဲ့ မာရှယ်ဟာ သွင်းဂိုး နှစ်ဂိုး ရယူပေးခဲ့သလို နောက်ပိုင်းပွဲတွေမှာ ပွဲထွက်ခွင့်တွေ ပြန်ရလာနေခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက် ကစားသမားတွေဖြစ်တဲ့ မာတစ်နဲ့ ယန်းတို့ဟာ 2018 ခုနှစ် အတွင်း ဟာဇက်ကို ပြစ်ဒဏ်ကျူးလွန်ခဲ့လို့ အဝါကဒ် ပြသခြင်းခံရတဲ့ နံပါတ် 10 နဲ့ 11 ယောက်မြောက် ကစားသမားတွေဖြစ်လာခဲ့ပါတယ်။

ချဲလ်ဆီးမန်နေဂျာဆာရီဟာ ပွဲရဲ့ မိနစ် 60 လောက်ထိ အသင်းရဲ့ ကစားပုံက ကောင်းမွန်ခဲ့ပေမယ့် ကျန် မိနစ် 30 အတွင်း ကစားပုံက ညံ့ဖျင်းခဲ့ကြောင်း ဝန်ခံပါတယ်။ ဆာရီရဲ့အသင်းဟာ ကစားနေကျ မဟုတ်တဲ့ အမြင့်ဘောတွေ၊ ရုပ်ပိုင်းဆိုင်ရာ အားပြုဟန်တွေကို လိုက်ပါ ကစားရတဲ့နောက် စွမ်းဆောင်ရည်တွေပါ ကျဆင်းခဲ့တာပါ။

ယူနိုက်တက်ပွဲမှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခွင့်ရခဲ့ပေမယ့် ခြေစွမ်းမပြနိုင်တဲ့နောက် မိုရာတာအပေါ် အသင်းပရိသတ်တွေရဲ့ စိတ်ရှည်မှုက အတော်လေး ကုန်ခမ်းလာနေပါတယ်။ အထူးသဖြင့် ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေ မပြုလုပ်နိုင်ခဲ့သလို အခွင့်အရေးတွေ အသုံးချရမယ့် အချိန်တွေမှာ ပြစ်ဒဏ်ဘောတွေနဲ့ပဲ အချိန်ကုန်နေတဲ့အပေါ် ဝေဖန်မှုတွေ မြင့်တက်လာနေခဲ့တာပါ။

ချဲလ်ဆီးလူငယ်ကစားသမား မေဆန်မောင့်ကတော့ ဒါဘီအသင်းမှာ အထူးခြေစွမ်းပြ ကစားနေပါတယ်။ မနေ့က ယှဉ်ပြိုင်ကစားတဲ့ ချန်ပီယံရှစ်ပွဲမှာလည်း ပွဲရဲ့ အကောင်းဆုံး ကစားသမားအဖြစ် ရွေးချယ်ခြင်း ခံခဲ့ရပါတယ်။

အာဆင်နယ် တိုက်စစ်သမားဟောင်းတွေဖြစ်တဲ့ ဂီရော့နဲ့ ဆန်းချက်တို့ဟာ ချဲလ်ဆီးနဲ့ ယူနိုက်တက်တို့ ယှဉ်ပြိုင်တဲ့ပွဲမှာ အရန်တွေအဖြစ် ပါဝင်လာခဲ့ပါတယ်။ နှစ်ဦးလုံးက ဒုတိယပိုင်းတွေမှာတော့ လူစားဝင် ကစားခွင့် မိနစ်အနည်းငယ်စီ ရရှိခဲ့ပါတယ်။ နှစ်ဦးလုံးကို သွေးပူလေ့ကျင့်ခန်းမှာ နှုတ်ဆက်နေကြတာမျိုး မြင်တွေ့ခဲ့ရပါတယ်။

အာဆင်နယ်အသင်းမှ ကစားသမားခေါ်ယူမှုဆိုင်ရာ အကြီးအကဲ ဆန်လီဟီက ဇန်နဝါရီ အပြောင်းအရွှေ့အတွက် ကြိုတင် စီမံချက်တွေ မရှိပါကြောင်းနဲ့ ထိပ်တန်းကစားသမားတွေကို ခေါ်ယူနိုင်ဖို့ အခွင့်သာမယ်ဆိုရင် ကလပ်အသင်းက လုပ်ရှားသွားပါမယ်လို့ ထုတ်ဖော်ပြောဆိုပါတယ်။

ဘန်လေနဲ့ပွဲမှာ သွင်းဂိုး တစ်ဂိုး ရခဲ့တဲ့ အဂွယ်ရိုဟာ ပရီးမီးယားသွင်းဂိုး 149 ဂိုးကို ရောက်ရှိသွားခဲ့ပါပြီ။ ဒါကြောင့် ပရီးမီးယားလိဂ် သမိုင်းမှာ အသင်းတစ်သင်းတည်းအတွက် သွင်းဂိုးအများဆုံး ရယူထားနိုင်သူအဖြစ် လမ်းပတ်နဲ့ အလန်ရှီးယားတို့ကို ကျော်ဖြတ်သွားခဲ့ပါပြီ။ အဂွယ်ယိုရဲ့ အထက်မှာတော့ ရွန်းနီနဲ့ အွန်နရီတို့ပဲ ကျန်ရှိပါတော့တယ်။

ဘန်လေမန်နေဂျာ Sean Dyche က မန်စီးတီးနဲ့ပွဲ ပထမပိုင်း 1 မိနစ်မှာတင် ကွန်ပနီဟာ သူကျူးလွန်ခဲ့တဲ့ ပြစ်ဒဏ်အတွက် အနီကဒ်ပြခံရသင့်တယ်လို့ ဝေဖန်လိုက်ပါတယ်။ ဒါ့အပြင် နောက်ထပ် မန်စီးတီး ကစားသမား ဆာနေးဟာလည်း အနီကဒ် ပြစ်ဒဏ်ကို ကျခံရသင့်ကြောင်းနဲ့ ပွဲဟာ မမျှတစွာ ကစားခဲ့ရတယ်လို့ ဝေဖန်မှု ပြုလုပ်သွားခဲ့ပါတယ်။

တော်တင်ဟမ်တောင်ပံသမားဟောင်း Chris Waddle က ကွင်းလယ်ကစားသမား အဲရစ်ဆန်ဟာ မကြာခင်မှာပဲ လာလီဂါ ထိပ်သီးအသင်းတွေဖြစ်တဲ့ ရီးရဲမက်ဒရစ်နဲ့ ဘာစီလိုနာတို့ရဲ့ ခေါ်ယူခြင်း ခံရတော့မယ်လို့ ထင်ကြေးပေးလာပါတယ်။ အဲရစ်ဆန်ဟာ လန်ဒန်အခြေစိုက်ကလပ်နဲ့ 2020 ထိ စာချုပ်ရှိနေတာဖြစ်ပါတယ်။

တော်တင်ဟမ်ကွင်းလယ် ဟယ်ရီဝင့်က လန်ဒန်ဒါဘီအဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ ဝက်ဟမ်းနဲ့ပွဲမှာ စွမ်းဆောင်ရည် အရမ်းမကောင်းခဲ့တဲ့အပေါ် စိုးရိမ်မှု မရှိပါဘူး။ ဝင့်ကတော့ ရံဖန်ရံခါမှာ ကစားပုံ မကောင်းဘူးဆိုရင်တောင် ရလဒ်ကောင်းတော့ ယူနိုင်ရပါမယ်လို့ ပြောဆိုပါတယ်။

တော်တင်ဟမ်မန်နေဂျာ ပိုချက်တီနိုက ဝက်ဟမ်းနဲ့ပွဲမှာ လက်စွမ်းကောင်းတွေ ပြသခဲ့တဲ့ အသင်းခေါင်းဆောင် လိုရစ်ကို ကမ္ဘာအဆင့် ကာကွယ်သူအဖြစ် ချီးကျူးလိုက်ပါတယ်။ တော်တင်ဟမ်ဟာ လာမယ်လာရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ဝက်ဟမ်းဘက်ကို အခွင့်အရေးတွေ ပေးခဲ့ရပြီး လိုရစ်က အကောင်းဆုံး ဟန့်တားနိုင်ခဲ့တာပါ။

ဟက်ဒါဖီးနဲ့ပွဲမှာ လီဗာပူးတိုက်စစ်သမားတွေရဲ့ နှေးကွေးပြီး ထိုင်းမှိုင်းနေတဲ့ တိုက်စစ်ပိုင်းကို ယာဂင်ကလော့ပ်က အတော်လေး ဒေါသထွက်နေဟန်ရှိပါတယ်။ ပွဲချိန်တွင်းမှာ ခေါင်းသုံးကစားကြဖို့ မကြာခဏ လမ်းညွှန်မှု ပြုလုပ်ခဲ့သလို ဘောလုံးကို ကန်ကျောင်းမှုမျိုးကို မကြာခဏ ပြုလုပ်ပြနေခဲ့တာပါ။

လီဗာပူးအသင်းဟာ 2008-2009 ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အဖွင့် 9 ပွဲမှာ 7 ပွဲထိ အနိုင်ရခဲ့ပါပြီ။ ဟက်ဒါဖီးအသင်းကို အနိုင်ရလိုက်တာက ပရီးမီးယားလိဂ်မှာ ပွဲ 200 ပြည့် အဝေးကွင်းနိုင်ပွဲဖြစ်ပြီး လိဂ်မှာ clean-sheet အမြင့်ဆုံးအဖြစ် ပေးဂိုးမဲ့ 6 ပွဲနဲ့အတူ မန်စီးတီးနဲ့ ရင်ဘောင်တန်း ခံစစ်မှတ်တမ်းကောင်းကို ပိုင်ဆိုင်နေပါတယ်။ ဒါ့အပြင် ပွဲအပြီးမှာ 9 ပွဲကစား ရမှတ် 23 မှတ်ရထားပြီး မန်စီးတီးနဲ့အတူ အမှတ်ပေးဇယားကို ဦးဆောင်လာပါတယ်။

မိုဆာလက်ဟာ လီဗာပူးကစားသမားဘဝ အရှည်ကြာဆုံးသော ဂိုးပေါက်ပျောက်မှုကို အဆုံးသတ်နိုင်ခဲ့ပါပြီ။ ဆာလက်ဟာ လီဗာပူးအသင်းအတွက် ဂိုးမသွင်းနိုင်တဲ့ပွဲ 3 ပွဲထက် ပိုမကြာဖူးပေမယ့် ဒီရာသီမှာ 5 ပွဲမြောက်ထိ ကြာမြင့်အပြီးမှာ သွင်းဂိုး 1 ဂိုး ပြန်ရခဲ့တာဖြစ်ပါတယ်။

ဘွန်ဒက်လီဂါကလပ် ဟော့ဖန်ဟိမ်းအသင်းမှာ အငှားထွက်ကစားနေတဲ့ နယ်ဆန်ဟာ နူရင်ဘတ်နဲ့ ယှဉ်ပြိုင်ရတဲ့ အဝေးကွင်းမှာ အသင်းအတွက် သွင်းဂိုး နှစ်ဂိုးတောင် သွင်းယူပေးခဲ့ပါတယ်။ ဟော့ဖန်ဟိမ်းအသင်းက နောက်ကနေ လိုက်ကစားခဲ့ရပြီး နယ်ဆန်ကပဲ ခြေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူပေးခဲ့ကာ ပွဲအပြီးမှာ 3-1 နဲ့ အနိုင်ရသွားပါတယ်။

လက်စတာအသင်းဟာ ပရီးမီးယားလိဂ် ထိပ်တန်းအသင်းတွေ ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဘယ်နောက်ခံလူ Ben Chilwell ကို 2024 ခုနှစ်ထိ ဆက်ရှိနေစေမယ့် ကာလရှည် သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ပါပြီ။