အာဂျင်တီးနား လက်ရွေးစင်အသင်း နည်းပြဖြစ်သူ စကာလိုနီဟာ လက်ရွေးစင်ကစားသမား အများစုဟာ မက်ဆီရဲ့ လောင်းရိပ်မိနေကြတယ်လို့ သုံးသပ်သွားခဲ့ပါတယ်။ အသင်းသားတွေဟာ မက်ဆီအပေါ် လိုတာထက်ပိုပြီး အလွန်အမင်း မှီခိုနေတယ်လို့ နည်းပြကြီးက မြင်တာပါ။

မက်ဆီဟာ ကလပ်အသင်း ဘာစီလိုနာကို အောင်မြင်မှုများစွာ ရယူပေးနိုင်ပေမယ့် နိုင်ငံအသင်းကို ဆုဖလား အောင်မြင်မှုရအောင် စွမ်းဆောင်မပေးနိုင်တဲ့အပေါ် ဝေဖန်မှုတွေ အများကြီး ရင်ဆိုင်ထားရပါတယ်။

စကာလိုနီက “ မက်ဆီရဲ့လောင်းရိပ်ဟာ အတော်လေး ကြီးကြီးမားမား ရှိနေခဲ့ပြီး တချို့ကစားသမားတွေဟာ သူ့အပေါ်ကို လိုအပ်တာထက်ပိုပြီး မှီခိုအားထားနေတာ တွေ့ရပါတယ်။ မက်ဆီဟာ အာဂျင်တီးနားအတွက် ကြိုးစားမပေးဘူး ဆိုတာကိုတော့ ကျွန်တော် ကန့်ကွက်ပါတယ်။ အာဂျင်တီးနားမှာ သူ ရေကုန်ရေခမ်း မကစားတဲ့ပွဲဆိုတာ သိပ်ရှားပါတယ်။

အသင်းသား အားလုံးကသာ မက်ဆီလို ကြိုးစားကြမယ်ဆိုရင် အဆင်ပြေသွားမှာပါ။ သူ့ရဲ့အရည်အသွေးကို ကျွန်တော်တို့ အာဂျင်တီးနားက အပြည့်အဝ အသုံးမချနိုင်သလို ဖြစ်နေပါတယ်။ သူဟာ ထာဝရ အကောင်းဆုံး ကစားသမားပါ။ ဒါပေမဲ့ သူနဲ့ကိုက်ညီမယ့် ကစားဟန်တွေ၊ သူ့ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်ကို ထုတ်ယူသုံးစွဲနိုင်ဖို့ ကျွန်တော်တို့ဖက်က ဝန်းရံပံ့ပိုးပေးရမှာတွေ အများကြီး ရှိနေပါသေးတယ်။

ဘာပဲဖြစ်ဖြစ် အခုလိုအကျပ်အတည်းကာလမှာ ကျွန်တော်တို့အသင်းမှာ မက်ဆီ ရှိနေဖို့လိုပါတယ်။ သူ့အနေနဲ့ လက်ရွေးစင်အသင်းမှာ နောက်ထပ်နှစ်တွေ အများကြီး ဆက်ကစားသွားဖို့ ကျွန်တော် မျှော်လင့်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။