အားကစားဝေဖန်ရေးသမား ပေါမာဆန်က မန်ယူကို ကစားသမားတွေ လာချင်တယ်ဆိုတာက အောင်မြင်မှုတွေကို ရယူဖို့ဆိုတဲ့ ရည်ရွယ်ချက်ကောင်းတွေကြောင့် မဟုတ်ပါပဲ အေးဂျင့်တွေက ပွဲခမြိုးမြိုးမြက်မြက်ရသလို ကစားသမားတွေကလည်း မတန်တဆ လုပ်ခတွေရတာကြောင့်လို့ ဝေဖန်လိုက်ပါတယ်။

ပေါမာဆန်က ” လူတိုင်းက ထိပ်တန်းကစားသမားတွေ လိုပါတယ်။ ဘိုင်ယန်၊ ရီးရဲလ်မက်ဒရစ်နဲ့ အသင်းတိုင်းက ထိပ်တန်းကစားသမားတွေ လိုပါတယ်။ ယူနိုက်တက်ကို ထိပ်တန်းကစားသမားတွေ သွားမယ်လို့ မမြင်ပါဘူး။

ပေါင် သန်း ၉၀ တန် ကစားသမားကို ယူနိုက်တက်ကလည်း ခေါ်မယ်၊ အခြားအသင်းကလည်း ခေါ်မယ်ဆိုရင် ချိန်ထိုးကြည့်မှာပဲလေ။ အခြားအသင်းတွေနဲ့ ဘယ်လောက်တောင် ပြတ်ကျန်နေပြီလဲ? အများကြီး ကျန်နေပါပြီ။

မနှစ်က အမှတ် ၂၀ လောက် ပြန်ကျန်ခဲ့တယ်။ ဒီရာသီမှာ နောက်ထပ် အမှတ် ၂၀ လောက် ပြတ်ကျန်နေတယ်။ မန်ချက်စတာ ယူနိုက်တက်တို့ ကစားသမားသစ်တွေရဖို့ ရုန်းကန်ရပါလိမ့်မယ်။

ဆိုးရှားက အေးဂျင့်တွေက သူတို့ကို ဆက်သွယ်နေတယ်လို့ ပြောတယ်။ သေချာတာပေါ့။ အေးဂျင့်တွေက ယူနိုက်တက်က ပြောင်းရွှေ့ကြေး မြင့်မြင့်မားမားတွေ၊ လုပ်ခလစာ မြင့်မြင့်မားမားတွေ ပေးရမယ့် အနေအထားဆိုတာ သိနေတယ်လေ။ ယူနိုက်တက်မှာ အဲ့သည်ပြဿနာက အရမ်းကြာနေပြီဆိုတာ ဘုရားသခင်တောင် သိပါတယ်။

ဆန်းချက်စ်လား။ မန်စီးတီးက လိုချင်တယ်။ လိုသလောက် ပေးမယ်လုပ်ပြီး ယူနိုက်တက်က ခေါ်ခဲ့တယ်။ အေးဂျင့်တွေက ယူနိုက်တက်ဟာ ကစားသမားတွေကိုခေါ်ဖို့ လိုသလောက် ဒေါ်လာတွေပေးမယ်ဆိုတာ သူတို့ သိပါတယ် ” လို့ ဆိုသွားခဲ့ပါတယ်။

ယူနိုက်တက်ဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်ခဲ့ပြီဖြစ်တာကြောင့် ထိပ်တန်းကစားသမားတွေကို ခေါ်ယူဖို့ ရုန်းကန်ရတော့မှာပါ။ မန်နေဂျာဆိုးရှားကတော့ ကလပ်အသင်းကို ပြောင်းလာချင်တဲ့ နာမည်ကျော်တွေ အများအပြား ရှိနေဆဲလို့ ဆိုထားပါတယ်။