ရတ်စတားဘဲဂရိတ်ကို အန်းဖီးကွင်းမှာ ဧည့်ခံယှဉ်ပြိုင်တဲ့ ချန်ပီယံလိဂ်ပွဲမှာ လီဗာပူးအသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ် ဗန်ဒိုက်က တာဝန်ယူခဲ့ပါတယ်။ ဒါဟာ သူ့ရဲ့ လီဗာပူးကစားသမားဘဝ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ တိုက်စစ်သမားတွေဖြစ်တဲ့ ဆာလက်၊ မာနေး၊ ဖာမင်နိုတို့ရဲ့ ခြေစွမ်းပြမှုနဲ့အတူ ရတ်စတားဘဲဂရိတ်ကို 4-0 နဲ့ ဂိုးပြတ် အနိုင်ရသွားပါတယ်။ တိုက်စစ်သမား သုံးဦးလုံး ဂိုးသွင်းနိုင်ခဲ့တာက ဒီရာသီမှာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ အခြားသော အုပ်စုတွင်းပြိုင်ဘက်တွေဖြစ်တဲ့ ပီအက်ဂျီနဲ့ နာပိုလီတို့ သရေကျခဲ့တဲ့အတွက် လက်တလောမှာ အုပ်စုဗိုလ်အဖြစ်လည်း ဦးဆောင်လာခဲ့ပါပြီ။

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က နွေအပြောင်းအရွှေ့မှာ ခေါ်ယူထားတဲ့ ကွင်းလယ်လူ ဖာဘင်ဟိုဟာ အသင်းသစ်၊ နယ်မြေသစ်မှာ အထိုင်ကျဖို့ ရုန်းကန်နေခဲ့ရပေမယ့် ရတ်စတားဘဲလ်ဂရိတ်နဲ့ပွဲမှာ ထည့်သုံးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကလော့ပ်ကတော့ ဖာဘင်ဟိုအတွက် အချိန်ကျလာပါပြီတဲ့။

မန်နေဂျာဆာရီက ဟာဇက်နည်းတူ ဂျော်ဂျင်ဟိုကိုလည်း ယူရိုပါလိဂ်ပွဲမှာ အနားပေးသွားဖို့ ဆုံးဖြတ်ခဲ့ပါပြီ။ နိုင်ငံတကာ သီတင်းပတ်အတွင်း လက်ရွေးစင်ပွဲ နှစ်ပွဲလုံးကို ပါဝင်ကစားခဲ့သလို ယူနိုက်တက်နဲ့ပွဲမှာလည်း ပွဲချိန်ပြည့် ကစားခဲ့ရတဲ့ ဂျော်ဂျင်ဟိုဟာ အနားပေးဖို့ အချိန်တန်ပြီလို့ ဆာရီက ယူဆနေတာပါ။

ယူနိုက်တက်နဲ့ပွဲမှာ မန်နေဂျာဆာရီကို မလျော်ကန်တဲ့ အပြုအမှု ပြုလုပ်ခဲ့တဲ့ လက်ထောက်နည်းပြ အီရန်နီကို ရာထူးက ထုတ်ပယ်သွားမှာ မဟုတ်ဘူးလို့ ဆာရီက ဆိုပါတယ်။ ဒါပေမယ့်လို့ အဆိုပါပွဲက ကလပ်အသင်းကို အရှက်ရစေတဲ့ အပြုအမှုအတွက် အပြစ်ပေးမှုတော့ ပြုလုပ်သွားမှာပါ။

ချဲလ်ဆီးအသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုခဲ့ပြီဖြစ်တဲ့ အလွန်ဆိုဟာ မန်နေဂျာဆာရီလက်ထက်မှာ ဥရောပ အကောင်းဆုံးဖြစ်လာဖို့ စိန်ခေါ်မှု ပြုလုပ်ထားပါတယ်။ အထူးသဖြင့် ခံစစ် 5 ယောက်တန်းမှာ အဓိက ကစားခဲ့တဲ့ အလွန်ဆိုကို လက်ရှိ ကစားနေတဲ့ 4 ယောက်တန်းမှာ ခံစစ်ပိုင်း ပိုမိုကျစ်လစ်လာဖို့ ဆာရီက မျှော်လင့်ထားတာပါ။

စပို့တင်းအသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ယူရိုပါလိဂ်ပွဲ ပွဲထွက်လူစာရင်းမှာ ရိုဝီနဲ့ ဂူယန်ဒေါင်ဇီတို့လို လူငယ်ကစားသမားတွေ ပွဲထွက်ခွင့် ရလာနိုင်ပါတယ်။ ဒဏ်ရာရကစားသမားတွေနဲ့ ကြံ့ခိုင်မှုတွေကို ထိန်းသိမ်းဖို့ လူငယ်တွေကို ပွဲထုတ်ဖို့ အမ်မရီက စီစဉ်နေတာပါ။

တော်တင်ဟမ်နဲ့ အာဆင်နယ်အသင်းတို့ ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ တောင်ပံသမား မလ်ကွန်ကို အပြီးသတ် ရောင်းထုတ်ဖို့ ဘာစီလိုနာ အမှူးဆောင် Oscar Grau က စဉ်းစားနေပါတယ်။ မလ်ကွန်ဟာ ဘော်ဒိုးကနေ ပြောင်းလာပြီးနောက်ပိုင်း ကက်တလန်ကလပ်မှာ ပွဲထွက်ခွင့် မရေရာဖြစ်နေပြီး အသင်းပြောင်းဖို့ စဉ်းစားနေသူဖြစ်ပါတယ်။

အာဆင်နယ်ရဲ့ ခံစစ်ပိုင်းမှာ ဒဏ်ရာပြသနာတွေ ရှိနေတာကြောင့် လာမယ့် ယူရိုပါလိဂ်ပွဲမှာ ခံစစ် 4 ယောက်တန်းအစား 3 ယောက်တန်းကို ပြောင်းလဲကစားဖို့ အဖြေရှာနေတယ်လို့ အမ်မရီက ပြောဆိုထားပါတယ်။ ဒါ့အပြင် တိုက်စစ်သမားဖြစ်တဲ့ ဝဲလ်ဘတ်ကလည်း အူဘာမီယန်၊ လာကာဇက်တီတို့အစား ပါဝင်လာနိုင်ပါတယ်။

မန်စီးတီးအသင်းရဲ့ ဝါရင့်ခံစစ်မှူးကြီး ကွန်ပနီနောက် ဆက်ခံသင့်တဲ့ အသင်းခေါင်းဆောင်သစ်နဲ့ ပက်သက်ပြီး အသင်းပရိသတ်တွေကြား ရွေးချယ်ပေးမှုတွေ ပိုမိုအားကောင်းလာပါတယ်။ ဆက်ခံသူအသစ်အဖြစ် သတင်းကြီးနေသူတွေက ဒီဘရိုင်း၊ စတုန်း၊ လာပေါ်တေးနဲ့ အီဒါဆန်တို့ ဖြစ်ပါတယ်။

လိုင်ယွန်အသင်းကို အရေးနိမ့်ပြီးနောက် ချန်ပီယံလိဂ် အုပ်စုဗိုလ် ပြန်ဖြစ်လာစေတဲ့ ဟော့ဖန်ဟိမ်းနဲ့ ရှက်တာဒိုးနပ်ပွဲတွေမှာ ခြေစွမ်းပြခဲ့တဲ့ ကွင်းလယ်လူ ဆေးလ်ဗားကို ဂွာဒီယိုလာက အသိအမှတ်ပြု ထုတ်ဖော်ချီးကျူးလိုက်ပါတယ်။ ဆေးလ်ဗားဟာ နှစ်ပွဲလုံးမှာ မန်စီးတီးအတွက် အရေးပါတဲ့ သွင်းဂိုးတွေ ရယူပေးသွားခဲ့တာပါ။

တိုက်စစ်မှူး ဂျီူးဆုရဲ့ သွင်းဂိုးနှုန်း ကျဆင်းမှုကြောင့် မန်စီးတီး ပရိသတ်တွေကြား ကွဲပြားတဲ့ ထင်မြင်ချက်တွေ ပေါ်ထွက်လာစေပါတယ်။ အချို့က အသင်းတိုက်စစ်က ပုံစံကောင်းတွေ ရနေလို့ ဂျီးဆုထံက သွင်းဂိုတွေ မလိုအပ်ကြောင်း ထောက်ပြခဲ့သလို အချို့ကလည်း တိုက်စစ်သမားအနေနဲ့ ဂိုးသွင်းနှုန်း ကျနေတာထက် ကြီးမားတဲ့ ပြသနာ မရှိပါဘူးလို့ ယူဆနေကြပါတယ်။

မန်နေဂျာမော်ရင်ညိုက နယူးကာဆယ်နဲ့ပွဲမှာ မလျှော်ကန်တဲ့ အပြုအမှုပြုလုပ်ပါတယ်ဆိုတဲ့ အက်အေရဲ့ စွဲချက်ကို ငြင်းဆန်ပြီး အယူခံဝင်လိုက်ပါပြီ။ ပြစ်မှုထင်ရှားမယ်ဆိုရင် မော်ရင်ညိုဟာ ပွဲပယ်ပြစ်ဒဏ် ကျခံရမှာဖြစ်ပါတယ်။ ယခင်အကြိမ်တုန်းက တိုက်စစ်မှူး ရွန်းနီဟာ တူညီတဲ့ ပြသနာအတွက် နှစ်ပွဲပယ်ပြစ်ဒဏ် ကျခံခဲ့ရဖူးပါတယ်။

ယူနိုက်တက်ဟာ ပြင်သစ်တိုက်စစ်သမား မာရှယ်ကို သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ဖို့ စတင်ကြိုးစားနေပါပြီ။ နွေအပြောင်းအရွှေ့မှာ ယူနိုက်တက်ကနေ ထွက်ခွာလိုကြောင့် ပွင့်လင်းတဲ့ သဘောထားတွေ ထုတ်ဖော်ခဲ့တဲ့ မာရှယ်ကို တော်တင်ဟမ်၊ အာဆင်နယ်နဲ့ ချဲလ်ဆီးအပြင် ဥရောပ ကလပ်အသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားမှုတွေ ပြသထားတာဖြစ်ပါတယ်။

စပိန်သတင်းတွေမှာ မော်ရင်ညိုဟာ ယူနိုက်တက်က ရာထူးကနေ ထုတ်ပယ်သွားမှာကို စောင့်မျှော်နေတယ်လို့ စွပ်စွဲ ပြောဆိုပါတယ်။ အဆိုပါ သတင်းတွေမှာတော့ ရီးရဲမက်ဒရစ်ကို ပြန်သွားဖို့ အလိုရှိနေတဲ့ မော်ရင်ညိုဟာ မန်ချက်စတာကလပ်ဘက်က ရာထူးက ထုတ်ပယ်မှာကို အလိုရှိနေတယ်လို့ ဖော်ပြလာတာပါ။

တော်တင်ဟမ်အသင်းဟာ နယ်သာလန်မှာ သွားရောက်ယှဉ်ပြိုင်တဲ့ ပီအက်ဗီအသင်းနဲ့ ချန်ပီယံလိဂ်ပွဲမှာ ပွဲချိန် 87 မိနစ်ထိ 2-1 နဲ့ အနိုင်ရထားပေမယ့် နောက်ကျခြေပဂိုး ပြန်ပေးခဲ့ရပြီး ပွဲအပြီးမှာ 2-2 သရေကျခဲ့ပါတယ်။ ဒါကြောင့် ချန်ပီယံလိဂ် ရှူံးထွက်အဆင့်ကို ကျော်လွန်နိုင်ဖို့ ခက်ခဲတဲ့ အခြေအနေကို ပိုင်ဆိုင်ခဲ့ပါပြီ။

တော်တင်ဟမ်ပရိသတ်တွေက ပီအက်ဗီနဲ့ပွဲမှာ အနီကဒ်ပြ ထုတ်ပယ်ခံခဲ့ရတဲ့ လိုရစ်ရဲ့ စွမ်းဆောင်ရည်ကို စိတ်ပျက်နေကြပါတယ်။ ရာသီစမှာကတည်းက အရက်သောက်ပြီး ကားမောင်းခဲ့လို့ အရေးယူခံရမှုတွေ ရှိထားတဲ့ လိုရစ်ဟာ ကွင်းတွင်း၊ ကွင်းပြင်မှာ ဖိအားကြီးတွေနဲ့ ရင်ဆိုင်နေရတာပါ။