ပေါလ်ပေါ့ဘာက ဒီရာသီက သူ့ရဲ့ ကစားသမားဘဝ အကောင်းဆုံး ရာသီအဖြစ် ခြေစွမ်းပြပေမယ့် ဆက်တိုက် ရရှိနေတဲ့ ယေဖန်မှုတွေအကြောင်း ရင်ဖွင့် ပြောဆိုပါတယ်။

ပေါ့ဘာရဲ့ ခြေစွမ်းမတည်ငြိမ်မှုက ဝေဖန်ခံရမှုတွေ ကျယ်ပြန့်ထားပြီး သူ့အနာဂတ်ကလဲ မရေမရာမှုတွေနဲ့ ထင်ကြေးများစွာပေးခံထားရတာပါ။ အမြင့်ဆုံး ခြေစွမ်းတွေ ပြသရင်တောင် အခြားသော ကမ္ဘာကျော်တွေနဲ့ နှိုင်းပြီး အဝေဖန်ခံရမှုကို ပေါ့ဘာက ရင်ဖွင့်ခဲ့ပါတယ်။

” ဘောလုံးလောကက အများကြီးပြောင်းလဲခဲ့တယ်။ ကျနော်က ကြီးကျယ်တဲ့ ချန်ပီယံတွေ၊ ဒယ်ပီရာရို၊ ဖီဂို၊ တော့တီတို့လို ဂန္တဝင်တွေကို ကြည့်ပြီး ကြီးပြင်းလာခဲ့တာ။ အားလုံးက ချန်ပီယံတွေဖြစ်ခဲ့တယ်။ အကောင်းဆုံးဖြစ်ခဲ့တယ်။ ဒါပေမယ့် သူတို့ထဲက အများစုက တရာသီကို ဂိုး 20 ထက် ပိုမသွင်းခဲ့ဘူး။ အခုခေတ်မှာ အချက်အလက်တွေ၊ ကိန်းဂဏန်းတွေနဲ့ပဲ ဆုံးဖြတ်ကျတယ်။

ဒါက ခေတ်ပေါ်ဘောလုံးလောကရဲ့ ပြောင်းလဲလာမှုဖြစ်ပြီး ဘောလုံးကို ပိုပိုကစားချင်တဲ့ ဆန္ဒဖြစ်စေတယ်။ ဒါပေမယ့် နာမည်ကြီး ကစားသမားတွေတောင် ဂိုး 20 အထက် သွင်းဖို့က ဘယ်လောက်ခက်ခဲခဲ့တယ်ဆိုတာ ကျနော်တို့ တခါတလေ မေ့ထားချင်ကြတယ်။ ဒီဘက်ခေတ်မှာ ပိုဆိုးပါတယ်။ အသင်းတွေကြား ကွာခြားချက်က လျော့ကျလာပြီ။ အထူးသဖြင့် ပြိုင်ပွဲကြီးတွေမှာပေါ့။

မက်ဆီနဲ့ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့နှစ်တွေမှာ အဲ့ဒီ့အချက်တွေကို လုပ်ပြခဲ့ကြတယ်။ သူတို့က ထူးခြားတဲ့သူတွေလေ။ သာမန်မှမဟုတ်တာ။ တိုက်စစ်မှူးတစ်ယောက်က 10 ဂိုး ဒါမှမဟုတ် 15 ဂိုး သွင်းတယ်ဆိုရင် ဒါက မလုံလောက်ဘူးလို့ သူ့ကိုပြောကြလိမ့်မယ်။ ဒါပေမယ့် ကစားသမားတွေရဲ့ လုပ်နိုင်စွမ်းကို အရှိအတိုင်း ဆုံးဖြတ်ရမယ်လေ။

နက်ဗက်လို ကစားသမားတစ်ယောက်က ချန်ပီယံလိဂ် မရပဲ၊ ဂိုးအများကြီးမသွင်းပဲ ဘလွန်းဒီအော ရခဲ့တာကို အမှတ်ရဖို့လိုတယ်။ သူက သူ့နေရာမှာ ရိုးရိုးရှင်းရှင်းနဲ့ အကောင်းဆုံးလုပ်ခဲ့ပြီး ကွင်းထဲမှာ သူစွမ်းဆောင်နိုင်ခဲ့တာအတွက် ဆုချီးမြှင့်ခံခဲ့ရတယ်။ ” လို့ ပေါ့ဘာက ဆိုပါတယ်။

မန်ယူမှာ မန်နေဂျာတွေအလိုကျ ကွင်းလယ်နေရာစုံမှာ ကစားနေရတဲ့ ပေါ့ဘာဟာ အခုချိန်ထိ ဘယ်နေရာမှာ အတည်တကျ ထားကစားခံရမယ်ဆိုတာ မသိရသေးပါဘူး။ ပေါ့ဘာကတော့ ထားတဲ့နေရာတိုင်းမှာ အကောင်းဆုံး ကြိုးစားပါမယ်လို့ ရင်ဖွင့်ခဲ့ပါတယ်။