မန်နေဂျာဆိုးရှားက ရာသီကုန်ပြီးရင် အသင်းသားတွေကို ကြံ့ခိုင်မှုပိုင်း ဂရုစိုက်ဖို့ သတိပေးလိုက်ပြီး နွေရာသီမှာ ကြံ့ခိုင်မှု မပြည့်ဝဘူးဆိုရင် ကလပ်အသင်းရဲ့ ရာသီကြိုခရီးစဉ်တွေကို လိုက်ပါခွင့်ရမှာ မဟုတ်ဘူးလို့ ဆိုလာပါတယ်။

မန်ယူဟာ ဒီကနေ့ပွဲပြီးရင် ပွဲတွေကစားရဖို့ မရှိတော့ပဲ အနားရပြီဖြစ်ပါတယ်။ အခြားသော အသင်းတွေထက် အနားပိုရပြီဖြစ်လို့ ကစားသမားတွေဘက်က ကောင်းကောင်းမွန်မွန် အနားယူထားဖို့ ဆိုးရှားက မျှော်လင့်နေတယ်။

ဆိုးရှားက ” နွေရာသီကုန်ရင် လုပ်ဖို့ အစီအစဉ်တွေအားလုံး ကစားသမားတွေ ရထားပြီးသားပါ။ ကျနော်တို့ စတင်တဲ့အချိန် ဇူလိုင် 1 ရက်နေ့မှာ သူတို့အဆင်သင့်ဖြစ်နေဖို့ မျှော်လင့်ပါတယ်။ ပထမ 10 ရက်ကို သူတို့ ကြံ့ခိုင်မှုအတွက် သုံးမှာမဟုတ်ပါဘူး။ အဲ့သည်မတိုင်ခင်ထဲက သူတို့ဘာသာ အဆင်သင့်ဖြစ်နေသင့်ပါတယ်။

တခြားအသင်းတွေထက် ကျနော်တို့က နွေရာသီအားလပ်ရက် ပိုရထားတယ်။ ဒါကို အကျိုးရှိအောင် အသုံးချဖို့လိုပါတယ်။ ဒါက ခြိမ်းခြောက်တာမဟုတ်ဘူး။ ဒါပေမယ့် ဇူလိုင် 1 ရက်နေ့မှာ အဆင်သင့်မဖြစ်တဲ့ မည်သူမဆို ဒီမှာနေရမှာ မဟုတ်ပါဘူး။ ကျနော်တို့နဲ့ ခရီးထွက်ရမှာမဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့က ဟိုမှာ သုံးနိုင်တဲ့ကစားသမားတွေကိုပဲ အလိုရှိပါတယ်။ ” လို့ ဆိုးရှားက ဆိုခဲ့ပါတယ်၊

အက်ဖ်အေဖလားကို ဝက်ဖို့ဒ်က အနိုင်ရရင်တော့ ဇူလိုင်လမှာ မန်ယူဟာ ယူရိုပါလိဂ်ကို ခြေစစ်ပွဲကနေ ဝင်ရမှာဖြစ်လို့ ရှန်ဟိုင်းက တော့တင်ဟမ်နဲ့ ချစ်ကြည်ရေးပွဲကို ရွှေ့ဆိုင်းရမှာပါ။ အဆင့် ငါးနေရာကို တက်လှမ်းနိုင်ရင်တော့ အဆိုပါ ပြသနာကနေ ကင်းဝေးပါလိမ့်မယ်။