ချယ်ဆီး နည်းပြ ဆာရီက ပရီးမီးယားလိဂ်မှာသာ ဆက်နေဖို့ စိတ်အားထက်သနေပြီး အီတလီသို့ ပြန်သွားမှာ မဟုတ်ကြောင်း ပြောကြားလိုက်ပါတယ်။

ချယ်ဆီး၊ ဂျူဗင်တပ်နဲ့ အီတလီအသင်း နည်းပြဟောင်း ကွန်တီက အင်တာမီလန်အသင်းကို ၃ နှစ်စာချုပ်နဲ့ တာဝန်ယူ နည်းပြတော့မှာ ဖြစ်တယ်လို့ အီတလီသတင်းဌာနများမှာ ဖော်ပြနေကြပါတယ်။ အီတလီသားကြီးနဲ့လည်း ပြောဆို ဆွေးနွေးပြီး ဖြစ်ကာ တစ်ရာသီ ယူရို ၁၀ သန်း ၀န်းကျင် လုပ်ခနဲ့ ခန့်အပ်မှာ ဖြစ်ပါတယ်။

နောက်ရာသီ ချယ်ဆီးအသင်းထံ လာရောက် ပူးပေါင်းမယ့် ပူလာဆစ်ဟာ ဒေါ့မွန်အသင်း အိမ်ကွင်းမှာ နောက်ဆုံးပွဲ ကစားခဲ့ပြီ ဖြစ်ကာ ပွဲအပြီးမှာ ပရိသတ်ကို နှုတ်ဆက်သွားခဲ့ပါတယ်။

ပရီးမီးယားလိဂ် ထိပ်သီးကလပ်တွေ ဖြစ်တဲ့ အာဆင်နယ်၊ ချယ်ဆီး၊ ယူနိုက်တက်နဲ့ စပါးတို့ အပြိုင် စိတ်ဝင်စားနေတဲ့ အင်္ဂလန် ခံစစ်မှူး ဟယ်ရီ မက်ဂွဲယားဟာ တနင်္ဂနွေနေ့မှာ လက်စတာနဲ့ နောက်ဆုံးပွဲ ကစားခြင်း ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် လက်စတာက ကမ်းလှမ်းမှုမှား ပေါင် သန်း ၆၀ ထက် နည်းရင်တော့ မက်ဂွဲယားကို ရောင်းချမှာ မဟုတ်ပါဘူး။

ချယ်ဆီးအသင်းဟာ ရာသီအကုန်မှာတော့ ရီးရဲလ်မှ အငှားလာရောက် ကစားနေတဲ့ ကိုဗာဆစ်ကို အပြီးသတ် ခေါ်ယူနိုင်ရန် နီးစပ်နေပြီ ဖြစ်ပါတယ်။ ချယ်ဆီးအသင်း အပြောင်းအရွှေ့ ပိတ်ခံထားရပေမယ့် ကိုဗာဆစ်ကတော့ အသင်းကစားသမား အဖြစ် မှတ်ပုံတင်ထားပြီး ဖြစ်လို့ ခေါ်ယူခွင့် ရှိဆဲပါ။

ရာသီနှောင်းပိုင်းမှာ အောင်မြင်မှုတွေ ရရင်တောင် ဟာဇက်ကို အသင်းမှာ ဆက်ထိန်းထားနိုင်ဖို့ မသေချာကြောင်း ချယ်ဆီးနည်းပြ ဆာရီက ၀န်ခံလိုက်ပါတယ်။ ချယ်ဆီးအသင်းဟာ ယူရိုပါလိဂ် ဗိုလ်လုပွဲ ရောက်နေတဲ့ အပြင် ပရီးမီးယားလိဂ်မှာလည်း အဆင့် ၃ နေရာနဲ့ ရာသီ သိမ်းနိုင်နေပါတယ်။

ချယ်ဆီး၊ အာဆင်နယ်၊ ယူနိုက်တက်၊ တို့ အပြိုင် မျက်စိကျနေတဲ့ ရီးရဲလ်မက်ဒရစ် ကွင်းလယ် ကစားသမား လော်ရန်တေးဟာ ရာသီကုန်မှာ ဘာနေဗျူးကနေ ထွက်ခွာဖို့ ကြံရွယ်နေပါတယ်။ ချယ်ဆီးအသင်းဟာ ကစားသမား ခေါ်ယူခွင့် ပိတ်ပင်ခံရမှု အတွက် ဖီဖာနဲ့ ဖြေရှင်းလို့ မရတာကြောင့် အားကစားခုံရုံးထံ အယူခံတင်ဖို့ ပြင်ဆင်ထားပါတယ်။