အာဆင်နယ်အသင်းဟာ ၄င်းတို့ရဲ့ တိုက်စစ်မှူးနှစ်ဦးဖြစ်တဲ့ အော်ဘာမီရန်းနဲ့ လာကာဇက်တို့ကို တစ်ပတ်ပေါင်(၂)သိန်းခွဲ ပေးအပ်သွားမယ့် စာချုပ်သစ်နဲ့ ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေပါတယ်။

အော်ဘာမီရန်းနဲ့ လာကာဇက်တို့ဟာ သူတို့နှစ်ဦးပေါင်း (၉၇)ပွဲကစားထားရာမှာ (၆၉)ဂိုးအထိ သွင်းယူပေးထားပြီး နည်းပြသစ် အူနိုင်း အမ်မရီလက်ထက်မှာ အာဆင်နယ်ရဲ့ အကောင်းဆုံးကစားသမားနှစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

အာဆင်နယ်အသင်းဟာ ထွက်ခွာသွားတဲ့ ကစားသမားခေါ်ယူမှုဆိုင်ရာ အကြီးအကဲ မစ်လင်တက်နေရာ ခန့်အပ်ဖို့ မိုနာကိုနဲ့ ဗီလာရီးရဲလ် အားကစား ဒါရိုက်တာဟော် အန်တိုနီယို ကော်ဒန်ကို ချဥ်းကပ်နေပါတယ်။

အာဆင်နယ် အမျိုးသမီးအသင်းဟာ မန်စီးတီးကို ၁ဂိုး ဂိုးမရှိနဲ့ အနိုင်ယူပြီး အက်ဖ်အေ စူပါလိဂ် ချန်ပီယံ အဖြစ် ဗိုလ်စွဲသွားခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ကွင်းလယ် လော်ရန်တေးဟာ လာမယ့်နွေမှာ လာလီဂါကလပ်ထံမှာ ထွက်ခွာလာဖို့ ရှိပြီး ပရီးမီးယားလိဂ် ကလပ်အသင်းများက ၄င်းကို ခေါ်ဖို့ စိတ်ဝင်စားနေပါတယ်။ အာဆင်နယ်ကလည်း ထိုအသင်းတွေထဲ ပါဝင်နေပါတယ်။

အာဆင်နယ်အသင်းမှာ ယူရိုပါလိဂ် ဗိုလ်လုပွဲအတွက် အဇာဘိုင်ဂျန်သို့ လိုက်ပါဖို့ အာမေးနီးယန်းသား မီခီတာရန် အခက်တွေ့နေတာကြောင့် လုံခြုံရေး အကြောင်းပြချက်နဲ့ ထားခဲ့ရဖို့ များနေပါတယ်။

ပရီးမီးယားလိဂ် ထိပ်သီးကလပ်တွေ ဖြစ်တဲ့ အာဆင်နယ်၊ ချယ်ဆီး၊ ယူနိုက်တက်နဲ့ စပါးတို့ အပြိုင် စိတ်ဝင်စားနေတဲ့ အင်္ဂလန် ခံစစ်မှူး ဟယ်ရီ မက်ဂွဲယားဟာ တနင်္ဂနွေနေ့မှာ လက်စတာနဲ့ နောက်ဆုံးပွဲ ကစားခြင်း ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် လက်စတာက ကမ်းလှမ်းမှုမှား ပေါင် သန်း ၆၀ ထက် နည်းရင်တော့ မက်ဂွဲယားကို ရောင်းချမှာ မဟုတ်ပါဘူး။

အာဆင်နယ် အမှုဆောင်ချုပ်ဟောင်း လက်ရှိ အေစီမီလန်မှာ တာဝန်ယူနေတဲ့ ဂါဆီဒစ်က လန်ဒန်ကလပ်ဆီ သူ ခေါ်ဆောင်လာခဲ့တဲ့ ခံစစ်မှူး မူစတာဖီကို အေစီမီလန်သို့ ခေါ်ယူလိုနေပါတယ်။

ကွင်းလယ်ကစားသမား မီဆွတ် အိုဇေးလ်ဟာ အာဆင်နယ်မှာ အနည်းဆုံး ၂၀၂၁ ထိ ဆက်ရှိနေမှာ ဖြစ်ကြောင်း ၄င်းရဲ့ အေးဂျင့် ဖြစ်သူက အတည်ပြု ပြောကြားလိုက်ပါတယ်။ အမ်မရီကတော့ လစာဝန်ထုတ် ၀န်ပိုးကြောင့် အိုဇေးလ်ကို ရောင်းချလိုနေတာပါ။

အာဆင်နယ် နည်းပြ အမ်မရီက – ” ပရီးမီးယားလိဂ်က အရမ်းကို ခက်ခဲပါတယ်။ အသင်းကြီး ၆ သင်းရှိနေပြီး နောက်ဆုံးအပတ်တုန်းက အထိ အဆင့် ၃ သို့မဟုတ် ၄ အတွင်း ၀င်ရောက်နိုင်မယ့် အခွင့်အရေးတွေရှိခဲ့ပေမယ့် ကျွန်တော်တို့သရေကျခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ ယူရိုပါလိဂ်ဖလားရှိနေပါတယ်။ အခု ကျွန်တော်တို့အနေနဲ့ နောက်ဆုံး ၂ ပွဲမှာ စိတ်ရှည်ရှည်ထားပြီး ကစားရပါမယ်။ ရည်ရွယ်ထားသမျှကို ကျွန်တော်တို့ရဲ့ နည်းလမ်းနဲ့ ကစားရပါမယ်” လို့ ပြောကြားခဲ့ပါတယ်။