မန်နေဂျာဆာရီဟာ ပီအက်ဗီအသင်းက မက္ကဆီကို တိုက်စစ်မှူး Lozano ကို အတော်လေး သဘောတွေ့နေတယ်လို့ သတင်းတွေ ထွက်လာပါတယ်။ ဒီရာသီ ကိုယ်တိုင် 11 ဂိုးသွင်းပြီး 4 ကြိမ် ဂိုးဖန်တီးပေးထားတဲ့ Lozano ထက်ပိုပြီး သွင်းဂိုးတွေအတွက် ပါဝင်ထားနိုင်တဲ့ ဥရောပတိုက်စစ်မှူးစာရင်းမှာ မက်ဆီပဲ ရှိပါတော့တယ်။

ချဲလ်ဆီးပရိသတ်တွေက အရှူံးဆိုတာကို မေ့နေပါပြီလို့ ထုတ်ဖော်ပြောဆိုမှုတွေ လုပ်လာကြပါတယ်။ ချဲလ်ဆီးဟာ အဓိကအားဖြင့် ကွင်းလယ်ပိုင်း တောင့်တင်းမှုနဲ့ ဘယ်တောင်ပံက ဟာဇက်ရဲ့ တောက်ပမှုမှာ ဒီရာသီ ရှူံးပွဲ လုံးဝမရှိသေးပါဘူး။

ချဲလ်ဆီးအသင်းက BATE Borisov အသင်းကို 3-1 နဲ့ အနိုင်ရတဲ့ပွဲ သွင်းဂိုး အားလုံးကိုတော့ လူငယ်ကစားသမားလေး လော့တပ်ချိစ်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်လူငယ်လေးဟာ မန်နေဂျာဆာရီလက်ထက် ပွဲထွက်ခွင့်တွေ အများအပြား မရထားပေမယ့် ပုံစံကောင်းကို ပြသနိုင်ခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ အဝေးကွင်းမှာသွားရောက်ယှဉ်ပြိုင်တဲ့ စပို့တင်းနဲ့ပွဲမှာ တိုက်စစ်မှူးဝဲလ်ဘတ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဒါကြောင့် အမ်မရီလက်ထက် 11 ပွဲဆက် အောင်ပွဲကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါပြီ။

အာဆင်နယ်မန်နေဂျာအမ်မရီက ကလပ်အသင်းသမိုင်းမှာ အကောင်းဆုံးစံချိန်ဖြစ်တဲ့ ပြိုင်ပွဲစုံ 14 ပွဲဆက်အနိုင်ဆိုတဲ့ မှတ်တမ်းထက် နောက်လာမယ့်ပွဲတွေကို နိုင်ပွဲတွေ ဆက်ယူဖို့ပဲ ဦးစားပေး အလေးထားပါတယ်လို့ ပြောဆိုပါတယ်။ ပွဲတိုင်းဟာ ကလပ်အသင်း တိုးတက်လာဖို့ အထောက်အကူ ဖြစ်စေတယ်လို့ အမ်မရီက ဆိုလာတာပါ။

အာဆင်နယ်ဟာ အမ်မရီလက်ထက် အနိုင်ထားတဲ့ 11 ပွဲမှာ ပထမပိုင်းသွင်းဂိုးက 8 ဂိုးဖြစ်ပြီး ပေးဂိုးက 4 ဂိုးဖြစ်ပါတယ်။ ဒုတိယပိုင်းမှာတော့ သွင်းဂိုး 23 ဂိုးဖြစ်ပြီး ပေးဂိုး 5 ဂိုးဖြစ်လို့ ပထမပိုင်းထက် ဒုတိယပိုင်း စွမ်းဆောင်ရည် ပိုကောင်းတဲ့ အသင်းလို့ မှတ်တမ်းဝင်လာပါတယ်။

မန်စီးတီးပရိသတ်တွေဟာ ကွန်ပနီနေရာ အသင်းခေါင်းဆောင်အဖြစ် မည်သူဆက်ခံသင့်လည်းဆိုတဲ့အပေါ် မဲပေးမှုပြုလုပ်ကြပါတယ်။ အဆိုပါ မဲပေးမှုအရ ခံစစ်မှူး ဂျွန်စတုန်းက ဒီဘရိုင်းရဲ့ 40% ကို ကျော်လွန်ကာ အသင်းခေါင်းဆောင်နေရာအတွက် ထောက်ခံမဲ 47% ထိ ရထားပါတယ်။

မန်စီးတီးမန်နေဂျာ ဂွာဒီယိုလာက သူဟာ မန်စီးတီးသားတစ်ယောက် ဖြစ်နေပါပြီလို့ ဝန်ခံစကားဆိုပြီး အင်္ဂလန်မှာ အခြားသော ပြိုင်ဘက်အသင်းတွေကို မန်နေဂျာအဖြစ် ကိုင်တွယ်သွားဖို့ မဖြစ်နိုင်တော့ပါဘူးလို့ ပြောဆိုလိုက်ပါတယ်။

ဘာစီလိုနာ လူငယ်ကစားသမား Ilaix Moriba ကို မန်စီးတီးနဲ့ ဒေါ့မွန်အသင်းတို့ အပြိုင်လိုက်နေကြပြီး ကစားသမားက မန်ချက်စတာမြေကို ရောက်ရှိလာဖို့ ခြေလှမ်းတည်နေတယ်လို့ သိရပါတယ်။

ယူနိုက်တက်ဟာ တိုက်စစ်မှူးမာရှယ်ကို သက်တမ်းတိုးနိုင်ဖို့ ကမ်းလှမ်းမှုသစ်ကို ဒီရက်ပိုင်းမှာပဲ ပြုလုပ်ခဲ့ပေမယ့် ပြင်သစ်တိုက်စစ်သမားက ပယ်ချလိုက်ပါတယ်။ ယူနိုက်တက်ဟာ ယခင်တွေကလည်း သက်တမ်းတိုးနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

ယူနိုက်တက်တိုက်စစ်မှူး ဆန်းချက်စ်ဟာ မန်နေဂျာမော်ရင်ညို လက်အောက်မှာ ပွဲထွက်ခွင့်တွေ ပျောက်ဆုံးနေခဲ့လို့ ဇန်နဝါရီမှာ အသင်းပြောင်းဖို့ စဉ်းစားနေပါတယ်။ ဆန်းချက်စ်ကိုတော့ ပြင်သစ်ကလပ် ပီအက်ဂျီအသင်းက အလိုရှိနေတယ်လို့ သောကြာနေ့ သတင်းတွေအရ သိရပါတယ်။

စီးရီးအေကလပ် ဂျူဗင်တပ်အသင်းကလည်း ယူနိုက်တက်ဂိုးသမား ဒီဂီယာကို ခေါ်ယူနိုင်ဖို့ အခွင့်အရေးကောင်းကို စတင်ရှာဖွေလာပါပြီ။ ဒီဂီယာဟာ မန်ချက်စတာကလပ်နဲ့ စာချုပ် အများကြီး မကျန်တဲ့နောက် သူ့ကိုခေါ်ဖို့ ပီအက်ဂျီအသင်းက ချိန်ရွယ်နေတာပါ။

ချန်ပီယံလိဂ်မှာ ပီအက်ဗီကို သရေကျခဲ့တာအတွက် အခြားသူတွေအစား ကိုယ်ဘာသာပဲ အပြစ်တင်ရမယ်လို့ ကွင်းလယ်လူ အဲရစ်ဆန်က ထုတ်ဖော်ပြောဆိုပါတယ်။ စပါးဟာ အဆိုပါပွဲမှာ 2-1 နဲ့ ဦးဆောင်ထားပေမယ့် လိုရစ် အနီကဒ်နဲ့ ထွက်ခွာခဲ့ရသလို ပွဲပြီးခါနီးမှာ ခြေပဂိုး ပြန်ပေးခဲ့တာပါ။

ဒီအပတ်မှာတော့ ပရီးမီးယားလိဂ် ပွဲကောင်းတစ်ပွဲအဖြစ် တော်တင်ဟမ်နဲ့ မန်စီးတီးတို့ ထိပ်တိုက်တွေ့တဲ့ ပွဲကောင်း ပါဝင်လာပါတယ်။ ဘီဘီစီမှ ဘောလုံးခန့်မှန်းသူ လော်ရိုးကတော့ မန်စီးတီးက အိမ်ရှင်အသင်းကို 2-0 နဲ့ အနိုင်ယူမယ်လို့ ခန့်မှန်းထားပါတယ်။

ရီးရဲမက်ဒရစ်ဟာ မန်နေဂျာလိုပတ်တီဂူနေရာမှာ အစားထိုးဖို့ တော်တင်ဟမ်မန်နေဂျာ ပိုချက်တီနိုကို အလိုရှိနေဆဲလို့ သိရပါတယ်။ လက်တလောမှာ ချဲလ်ဆီးမန်နေဂျာဟောင်း ကွန်တီက ပိုမိုရေပန်းစားပေမယ့် မက်ဒရစ်အခြေစိုက် ကလပ်အသင်း အမှန်တကယ် အလိုရှိသူက ပိုချက်တီနိုဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ဒီရာသီ ခံစစ်ကြောင်းမှာ ခြေစွမ်းပြနေတဲ့ အသက် 21 နှစ်အရွယ် ခံစစ်သမား ဂိုးမက်စ်ကို သက်တမ်းတိုးနိုင်ဖို့ စတင် ကြိုးစားသွားတော့မယ်လို့ သိရပါတယ်။ ဂိုးမက်စ်ရဲ့ စာချုပ်ဟာ 2017 ကမှ ချုပ်ဆိုထားပြီး 4 နှစ် သက်တမ်း ကျန်သေးပေမယ့် ကလပ်အသင်းကတော့ ထပ်မံသက်တမ်းတိုးလိုနေတာပါ။

လီဗာပူးတောင်ပံသမား ရှာကွီရီက နောက်နှစ်ပတ်အကြာ ယှဉ်ပြိုင်ရမယ့် ဘဲဂရိတ်နဲ့ပွဲအတွက် စိုးရိမ်ခြင်း မရှိပါဘူးလို့ ထုတ်ဖော်ပြေဆိုပါတယ်။ အန်ဖီးကွင်းမှာ ယှဉ်ပြိုင်တဲ့ ဘဲလ်ဂရိတ်နဲ့ပွဲမှာလည်း ဆားဘီးယားပရိသတ်တွေက အန်ဖီးကွင်းထဲ စိမ့်ဝင်လာခဲ့ပြီး ရှာကွီရီကို လှောင်ပြောင်မှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။

နာဘီကိတ်တာရဲ့ ညီအငယ်ဆုံးဟာ လီဗာပူးအကယ်ဒမီမှာ လေ့ကျင့်ရေးဆင်းနေတယ်လို့ သိရပါတယ်။ ကိတ်တာရဲ့ ညီဟာ အသက် 17 နှစ်အရွယ်ပဲ ရှိသေးပြီး ဗဟိုခံစစ်မှူးကောင်း တစ်ယောက်လို့လည်း သိလာရပါတယ်။