အာဆင်နယ် ဂန္တဝင်ဖြစ်ပြီး ခံစစ်သမားဟောင်းလည်းဖြစ်တဲ့ မာတင်ကီအုန်းက ချယ်ဆီးအသင်းရဲ့ ဖလားရည်မှန်းချက်မှာ ဒေးဗစ်လူးဝစ်ဇ်ဟာ အဓိကနေရာက ပါဝင်ပြီး အသင်းအတွက် အရေးပါတဲ့သူဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ရာသီက ချယ်ဆီးမှာ နည်းပြအန်တိုနီယိုရဲ့ စိတ်ကြိုက်မဖြစ်ခဲ့တဲ့ ဒေးဗစ်လူးဝစ်ဇ်ကို ဆာရီက အပယ်ခံဘဝကနေ ဆွဲခေါ်ခဲ့တာ ဖြစ်ပါတယ်။ ကွန်တီဟာ လန်ဒန်အသင်း နည်းပြအဖြစ် ဆက်ရှိနေခဲ့ရင် နွေရာသီမှာ စတန်းဖို့ဒ်ဘရစ်ခ်ျကနေ ထွက်ခွာဖို့ လူးဝစ်ဇ်က စီစဉ်ခဲ့တာပါ။ နည်းပြဆာရီ ရောက်လာခဲ့တာဟာ လူးဝစ်ကို အဝေးထွက်သွားတာထက် ကလပ်မှာ ဆက်ရှိနေတာက ပိုကောင်းတယ်လို့ ယုံကြည်စေခဲ့ကြောင်း ကီအုန်းက ဆိုပါတယ်။

ဒါကြောင့် နည်းပြသစ်ရဲ့ ခံစစ်ကနေ ပြန့်ကားထွက်လာတဲ့ ကစားပုံ တည်ဆောက်မှုအတွက် သူဟာ ဘာကြောင့် အသင့်တော်ဆုံး ဖြစ်ရလဲဆိုတာ နားလည်နိုင်ပါတယ်။ ကီအုန်းက ဒေးဗစ်လူးဝစ်ဇ်ဟာ ဖန်တီးနိုင်စွမ်းနဲ့ အသင်းမှာ အရေးပါတဲ့ လူဖြစ်ကြောင်း သူ့ရဲ့ ရဲရင့်မှုတွေကို ရွှန်းရွှန်းဝေအောင် ချီးကျူးစကားဆိုခဲ့ပါတယ်။ ဒါပေမယ့် သူရဲ့ ခံစစ်အားပြုပုံစံနဲ့ ဆက်လက်ကစားဖို့လိုကြောင်း သတိပေးခဲ့ပါသေးတယ်။

” ယခုရာသီ ချယ်ဆီးရဲ့အောင်မြင်မှုတွေမှာ လူးဝစ်ဇ်ဟာ အဓိကနေရာက ပါဝင်ပါတယ်။ သူဟာ တော်တော် တိုးတက်ခဲ့ပြီးပါပြီ။ ဒါပေမယ့် ဆက်ကြိုးစားဖို့ လိုပါသေးတယ်။ ဂျူအန်မာတာကို ရင်ဆိုင်ဖို့ ခံစစ်လိုင်းထဲက ထွက်လာတဲ့အချိန်မှာ သူဟာ မှားသွားပြီး ယူနိုက်တက်ကို 2-1 နဲ့ ဦးဆောင်ခွင့် ပေးလိုက်ရပါတယ်။ ကိုယ့်လိုင်းထဲက ထွက်လာတဲ့အခါ ဘောလုံးရဖို့ လိုပါတယ်။ ဘောလုံးမရဘူးဆိုရင်တော့ ကစားပွဲရဲ့ အပြင်ဘက်ကို ရောက်သွားပါပြီ။

လူးဝစ်ဇ်ရဲ့ ဘောလုံးချဉ်းကပ်ပုံက အရမ်းမှားခဲ့ပါတယ်။ သူ့အနေနဲ့ ဘယ်အချိန်မှာ လမ်းကြောင်းထဲဝင်ရမယ် ဘယ်အချိန်မှာ ရပ်နေတာ ပိုကောင်းတယ်ဆိုတာ သိရပါမယ်။ ဒါပေမယ့် ကစားပွဲမှာ ဦးဆောင်ဖို့ စိတ်အားထက်သန်မှုတွေ၊ ဖန်တီးမှုတွေနဲ့ သူဟာ အသင်းအပေါ်ကို အများကြီး ပေးဆပ်ခဲ့ပြီးပါပြီ ” လို့ ကီအုန်းက ဆိုခဲ့ပါတယ်။

စနေနေ့မှာ ကစားခဲ့တဲ့ မန်ယူနိုက်တက်နဲ့ ပွဲစဉ်မှာ ရော့စ်ဘာကလေရဲ့ နောက်ကျသွင်းဂိုးနဲ့ သရေကျခဲ့ပြီးနောက် ခြင်္သေ့ပြာတို့ဟာ ရာသီအစထဲက ရှုံးပွဲမရှိ စံချိန်ကို ဆက်ထိန်းထားနိုင်ခဲ့ပါတယ်။ နည်းပြဆာရီ လက်အောက်မှာ ခရစ်စတန်ဆန်နဲ့ ဂယ်ရီကာဟေးတို့ဟာ ကွင်းဘေးမှာသာ အနေများခဲ့ပြီး လူးဝစ်ဇ်နဲ့ အန်တိုနီယို ရူဒီဂါတို့ဟာ အထင်ကြီးလောက်စရာ ခြေစွမ်းတွေနဲ့ အတွဲညီညီ ပုံစံကောင်းတွေ ပြသထားနိုင်ခဲ့ပါတယ်။

ရာသီအစထဲက ဒီနှစ်ယောက်ဟာ ထူးခြားကောင်းမွန်တဲ့ နားလည်မှုတွေနဲ့ ချယ်ဆီးအတွက် ခိုင်မာတဲ့ ခံစစ်အတွဲကို တည်ဆောက်ထားခဲ့တာ ဖြစ်ပါတယ်။