ချန်ပီယံ စီးတီး အသင်းခေါင်းဆောင် ဗင်းဆင့်ကွန်ပနီဟာ လက်ရှိအသင်းနဲ့အတူ ပရီးမီးယားလိဂ် အမှတ်ပေးဖလား (၄)ကြိမ်အထိ ရရှိ သွားခဲ့ပြီဖြစ်ပြီး ဒီရာသီမှာ ရရှိခဲ့တဲ့ အမှတ်ပေးဖလားဟာ ၄င်းအတွက် ကျေနပ်စရာအကောင်းဆုံး ဆုဖလားဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

မန်စီးတီးဟာ ပြိုင်ဘက်လီဗာပူးလ်အသင်းကို (၁)မှတ်အသာနဲ့ ကပ်ပြီးအသာရခဲ့တဲ့အပေါ်မှာတော့ ကွန်ပနီက ပြိုင်ဘက်အသင်းဖြစ်ပေမယ့် လီဗာပူးက ဒီလိုနောက်ဆုံးနေ့မှာမှ ဒီလို ရှုံးနိမ့်သွားဖို့ မထိုက်တန်ဘူးလို့ ပြောကြားသွားခဲ့ပါတယ်။ ကွန်ပနီဟာ မန်စီးတီးအသင်းနဲ့အတူ ၂၀၁၁-၁၂၊ ၂၀၁၃-၁၄၊ ၂၀၁၇-၁၈ နဲ့ ၂၀၁၈-၁၉ ဘောလုံးရာသီတွေမှာ အမှတ်ပေးဖလားကိုဆွတ်ခူးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ပွဲပြီးအင်တာဗျူးမှာ ဖြေကြားရာမှာတော့ ကွန်ပနီက “ဒီပရီးမီးယားလိဂ်ဟာ အခက်ခဲဆုံးနဲ့ကျေနပ်စရာအကောင်းဆုံး ဖြစ်ခဲ့ပါတယ်၊ လီဗာပူးလ်ဟာ လက်ရှိရာသီမှာ အံ့အားသင့်ဖွယ်ရာတွေလုပ်ပြထားပါ၊ ကျွန်တော် သူတို့ကို ဆွနေတာ မဟုတ်ပါဘူး၊ ဒါပေမယ့် ဒီနေ့မှာ အရှုံးသမားဆိုတာမျိုးရှိဖို့ မထိုက်တန်ပါဘူး၊”

” ကျွန်တော့်ကိုတော့ ပိုပြီးတော့ ပျော်ရွှင်စေတာပေါ့လေ၊ တစ်ရာသီလုံး အရမ်းကောင်းမွန်တဲ့အသင်းနဲ့ ပြိုင်ကစားခဲ့ရလို့ပါ၊ ကျွန်တော်တို့ အခြေအနေ မကောင်းဖြစ်နေတဲ့အချိန်မှာ သူတို့အသင်းကို အိမ်ကွင်းမှာ (၂-၁)ဂိုးနဲ့နိုင်ခဲ့ပါတယ်၊ အဲဒီအချက်က ဒီနေ့ကို အဆုံးအဖြတ် ပေးသွားခဲ့တာပါ”

“ကျွန်တော့်အတွက်၊ ပြီးတော့ အသင်းအတွက်၊ ပရိသတ်အတွက်တော့ ဒီနေ့ဟာ ထူးခြားကောင်းမွန်လှပါတယ်၊လီဗာပူးလ် (၁-၀)နဲ့ နိုင်နေပြီလို့ ဘရိုက်တန် ပရိသတ်တွေ အော်တာကြားခဲ့ပါတယ်၊ အဲဒီအချိန်က ကျွန်တော်တို့က (၁-၀)နဲ့ ရှုံးနေတာပါ၊ ဒါပေမယ့် ကျွန်တော်တို့ဟာ အရင်တုန်းက လုပ်ခဲ့ဖူးသလိုပဲ၊ အခွင့်အရေးတွေကို ဆက်လက် ဖန်တီးခဲ့ကြပါတယ်၊”

” ကွင်းက အနည်းငယ်ခြောက်သွေ့နေပေမယ့်လည်း ကျွန်တော်တို့ စွမ်းဆောင်ပြနိုင်ခဲ့ပါတယ်၊ ကျွန်တော့်ရဲ့ အသင်းဖော်တွေအတွက် ကျွန်တော် ဂုဏ်ယူမိပါတယ်၊ တိုက်စစ်တွေ ကစားနိုင်ခဲ့သလို အသင်းက (၁-၀)လောက်နဲ့ အနိုင်ရဖို့ လိုတဲ့ ပွဲတွေမှာလည်း ခံစစ်ပိုင်း ကောင်းမွန်ခဲ့ပါတယ်” လို့ပြောကြား သွားခဲ့ပါတယ်။