မနေ့ညက ကစားခဲ့တဲ့ မန်ယူအသင်းရဲ့ ဒီရာသီ နောက်ဆုံးသော ရာသီပိတ်ပွဲစဉ်မှာ ရှူံးပွဲရလဒ်ကြောင့် စိတ်ဆိုးဒေါသထွက်နေတဲ့ မန်ယူပရိသတ်တွေက ပွဲအပြီးမှာ ဆိုးလ်ရှားကို ပေါ့ဘာအား ရီးရဲလ်ထံရောင်းချဖို့ အော်ဟစ်တောင်းဆိုခဲ့ကြပြီး ပေါ့ဘာကိုလည်း ဆဲဆိုခဲ့ကြပါတယ်။

မန်ယူအသင်းဟာ ရာသီပိတ်ပွဲစဉ်အဖြစ် အိမ်ကွင်းမှာ တန်းဆင်းသွားပြီဖြစ်တဲ့ ကာဒစ်ဖ်ကို ၂ ဂိုးပြတ်အရေးနိမ့်ခဲ့တာကြောင့် ပရိသတ်တွေဘက်က ပေါက်ကွဲခဲ့ကြပြီး အဲဒီပွဲမှာ ပွဲအစအဆုံးပါဝင်ကစားခဲ့တဲ့ ပေါ့ဘာကိုလည်း အသင်းကနေထွက်သွားဖို့ အော်ဟစ်ဆဲဆိုခဲ့ကြတာပါ။

ပေါ့ဘာဟာ ပထမပိုင်းမှာ သူ့ကိုအော်ဟစ်ဆဲဆိုနေသူတွေကို လက်ပိုက်ကြည့်နေသေးပေမယ့် သည်းမခံနိုင်တဲ့အဆုံး လက်ညှိုးပြန်ထိုးပြီး အပြန်အလှန်ပြောဆိုခဲ့တယ်။ အချိန်ခဏကြာ အပြန်အလှန် အော်ဟစ်ခဲ့ကြပြီး နောက်ဆုံးမှာ ပေါ့ဘာက အသိအမှတ်ပြုကြောင်း အမှုအရာကို ပြသကာ အဝတ်လဲခန်းသွားရာ ဥမင်ထဲကို ဝင်ရောက်သွားခဲ့ပါတယ်။

အခြေအနေက အဲ့လောက်တင် မကပဲ ပေါ့ဘာနဲ့ မန်ယူပရိသတ်တွေ အပြန်အလှန်ပြောဆိုနေတဲ့ ဗီဒီယိုဖိုင်နဲ့ ဓာတ်ပုံတွေဟာ လူမှုကွန်ရက်ပေါ် ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့ပါတယ်။ အဲ့သည် ဗီဒီယိုဖိုင်တွေ အောက်မှာလည်း ပေါ့ဘာကို ဝေဖန်မှုတွေနဲ့ အသင်းကနေ ထွက်သွားဖို့ တောင်းဆိုမှုတွေ ပေါ်ထွက်နေခဲ့တယ်။

ဒီရာသီမှာ မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ ၁၆ ဂိုးသွင်းကာ ဂိုးဖန်တီးမှု ၁၁ ကြိမ်ပြုလုပ်ပေးခဲ့တဲ့ ပေါ့ဘာဟာ အိုးလ်ထရက်ဖို့ဒ်ကို ပြန်လည်ရောက်ရှိလာတဲ့ ၃ ရာသီအတွင်း ပြိုင်ပွဲစုံ ၁၃၅ ပွဲမှာ ၃၁ ဂိုးသွင်းထားသူဖြစ်တယ်။ သူဟာ နွေအပြောင်းအရွှေ့မှာ ရီးရဲလ်ကို ပြောင်းမယ်လို့ သတင်းကြီးနေပါတယ်။