ဈေးကွက်ထဲမှာ ခြေစွမ်းထက် လူငယ်တွေကို ပိုဦးစားပေး ရှာဖွေနေတဲ့ မန်ယူအသင်းဟာ နော်ဝေကလပ် ထရွန်ဆိုအသင်းက အသက် ၁၄ နှစ် အရွယ် လူငယ်တိုက်စစ်မှူး အိုင်ဆက် ဟန်ဆန်အာရိုအန်ကို ခေါ်ယူလိုက်ပါတယ်။

အိုင်ဆက်ဟာ မန်ယူ၊ အဲဗာတန်၊ လီဗာပူးလ်အကယ်ဒမီတွေမှာ ခြေစွမ်းစမ်းသပ်ခံပြီးနောက် အသင်းအားလုံးရဲ့ကမ်းလှမ်းမှုကို လက်ခံ ရရှိခဲ့ပေမယ့် မန်ချက်စတာ အခြေစိုက်အသင်းကိုသာ ရွေးချယ်လိုက်တာဖြစ်ပါတယ်။ ဒီလို ရွေးချယ်လိုက်တာဟာ နော်ဝေသားတွေဖြစ်သလို မန်ယူအသင်းမှာ ဖြတ်သန်းဖူးတဲ့ လက်ရှိနည်းပြဆိုးလ်ရှား၊ ဘုန်းမောက်တိုက်စစ်မှူး ဂျိုရှာကင်းတို့ရဲ့ခြေရာအတိုင်း လိုက်နင်းချင်တာကြောင့်ပါပဲ။

နော်ဝေယူ-၁၅ လက်ရွေးစင် အိုင်ဆက်ဟာ ခြေစွမ်းထက်မြက်တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး နော်ဝေနိုင်ငံရဲ့ ထွန်းသစ်စကြယ်တစ်ပွင့်အဖြစ် သတ်မှတ်ခံထားရသူလည်းဖြစ်ပါတယ်။

မန်ယူက အိုင်ဆက်အတွက် ပေါင် ၉ သောင်း အသုံးပြုခဲ့ရပြီး ဖီဖာရဲ့နိုင်ငံရပ်ခြား လူငယ်ကစားသမား ခေါ်ယူမှုစည်းမျဉ်းအရ အိုင်ဆက် အသက် ၁၆ နှစ်ပြည့်မယ့် ၂၀၂၀ သြဂုတ်လ ၂၂ ရက်ကျမှသာ အိုးလ်ထရက်ဖို့ဒ်သို့ ရောက်လာမှာပါ။

အိုင်ဆက်ရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး – ” မန်ယူအသင်းနဲ့ အရမ်းကိုအပေါင်းလက္ခဏာဆောင်တဲ့ ဆွေးနွေးမှုတွေရှိခဲ့ပါတယ်။ ဒီခရီးစဉ်က အရှည်ကြီးပါ။ ဒါပေမဲ့ ကျွန်တော်တို့ အကောင်းဆုံး လုပ်ဆောင်ပြီး အိုင်ဆက်ရဲ့မိသားစုနဲ့ သဘောတူညီမှုတစ်ခု ရယူနိုင်ခဲ့တယ်။ ”

“ဒီသဘောတူညီမှုဟာ နှစ်ဖက် စလုံးအတွက် ကောင်းပါတယ်။ အိုင်ဆက်ဟာ အမြဲတမ်း အကောင်းဆုံး ကစားသမား တစ်ယောက်ဖြစ်သလို စဉ်းစားတွေးခေါ်နိုင်တဲ့ ကလေး တစ်ယောက်လည်းဖြစ်ပါတယ်။ သူ့ အသက်အရွယ်နဲ့ဆို အိုင်ဆက်ဟာ ကစားသမားကောင်းတစ်ယောက်ပါ ” လို့ ထရွန်ဆို အားကစားဒါရိုက်တာ ဆဗီယန်မော်တန်ယိုဟန်ဆန်က ပြောကြားခဲ့တယ်။