စီးရီးအေကလပ် ရိုးမားအသင်းဘက်က ယခုရာသီအကုန်မှာ အသင်းခေါင်းဆောင် ဒီရော့စီအနေနဲ့ ရိုးမားအသင်းကနေ ထွက်ခွာတော့မှာဖြစ်ကြောင်း အတည်ပြုကြေညာလိုက်ပါတယ်။

အီတလီလက်ရွေးစင်ဟောင်း ဒီရော့စီဟာ တော်တီလိုပဲ ကလပ်အသင်းရဲ့ ဝါရင့်ကစားသမားတစ်ဦးဖြစ်တယ်။ အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်ပြီး ကစားသမားဘ၀တစ်ခုလုံးကို ရိုးမားအသင်းနဲ့ ဖြတ်သန်းလာသူဖြစ်ပါတယ်။ သူနဲ့ ရိုးမားအသင်းကြား စာချုပ်က ဒီရာသီကုန်ရင် ကုန်ဆုံးပြီဖြစ်ပြီး သက်တမ်းတိုးမှုလည်း မရှိပါဘူး။

ရိုးမားကနေ ထွက်ခွာမယ့်သတင်းကို ဒီရော့စီက ကြေညာခဲ့ပေမယ့် သူ့ရဲ့ ပရော်ဖက်ရှယ် ကစားသမားဘဝကနေ အနားယူဦးမှာမဟုတ်ဘဲ စိန်ခေါ်မှုအသစ်တွေနဲ့ ရင်ဆိုင်ဖို့ ဆုံးဖြတ်ထားကြောင်းလည်း ပြောဆိုပါတယ်။

ရိုးမားအသင်းကတော့ လွန်ခဲ့တဲ့ 18 နှစ်က အန်ဒါလက်ရှ်နဲ့ပွဲမှာ အသင်းအတွက် ပထမဆုံး စတင်ကာ ပွဲထွက်ကစားပေးခဲ့တဲ့ ဒီရော့စီဟာ ပါးမားနဲ့ပွဲမှာ အသင်းအတွက် သူ့ရဲ့နောက်ဆုံးပွဲအဖြစ် ပါဝင်ကစားမှာဖြစ်ပါတယ် လို့ ကြေညာသွားခဲ့ပါတယ်။

သူဟာ ရိုးမားအသင်းအတွက် 18 နှစ်အတွင်း 615 ပွဲကစားကာ 63 ဂိုးသွင်းယူပေးခဲ့တယ်။ ဆုဖလား အောင်မြင်မှုအဖြစ် ရိုးမားအသင်းနဲ့အတူ အီတလီကိုပါဖလား အီတလီ စူပါကိုပါဖလားတို့ကို အနိုင်ရခဲ့ပါတယ်။