လီဗာပူးခံစစ်မှူး ဗန်ဒိုက်က တစ်ဦးချင်း ထူးချွန်ဆုများကိုသာ တစ်မှတ်အကွာနဲ့ လက်လွှတ်ခဲ့ရတဲ့ ပရီးမီးယားလိဂ်ဖလားနဲ့ လဲလို့ရရင် လဲချင်မိကြောင်း ပြောဆိုခဲ့ပါတယ်။

ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ အစောပိုင်းမဲခွဲထားမှုများအရ စပါးအသင်းက အိမ်ရှင် အသင်းအဖြစ် နေရာယူပြီး လီဗာပူးက အဝေးကွင်း အသင်း ဖြစ်ပေမယ့် ပွဲကြည့်စင်က နေရာချထားမှုများကြောင့် လီဗာပူးအသင်းက အိမ်ရှင်အသင်း အ၀တ်လဲခန်းကို ပြောင်းလဲ အသုံးပြုတော့မှာ ဖြစ်ပြီး စပါးက အဝေးကွင်းအ၀တ်လဲခန်းကို သုံးရတော့မှာပါ။

လီဗာပူးအသင်းခေါင်းဆောင်ဟောင်း ဖီးတွမ်ဆန်က သူသာဆိုရင် ဘာစီလိုနာမှာ အဆင်မပြေဖြစ်ပြီး အသင်းကနေ ထွက်ခွာလိုနေတဲ့ ကော်တင်ညိုကို လီဗာပူးအသင်းထံ ပြန်လည်ခေါ်ယူမိမှာပဲဆိုပြီး အသင်းဟောင်းအား တိုက်တွန်းမှုတစ်ခု ပြုလုပ်လာပါတယ်။

ဝက်စ်ဟမ်းနည်းပြ ပယ်လီဂရီနီက ခြေစွမ်းထက်နေတဲ့ အင်္ဂလန်ကွင်းလယ် ဒီကလန်ရိုက်စ်ကို အသင်းကြီးတွေကသာ ၀ယ်ယူလိုရင် ထိန်းထားဖို့ ခက်မယ်လို့ ၀န်ခံလိုက်ပါတယ်။

ဝုဗ်အသင်းမှ အသက် ၂၂ နှစ်အရွယ် ပေါ်တူဂီသား ကွင်းလယ်ကစားသမား နာဗက်စ်ဟာ လီဗာပူးမှ ယာဂင်ကလော့ပ် နည်းစနစ်တွေနဲ့ အံဝင်မယ့် သူ ဖြစ်ကြောင်း လီဗာပူး တိုက်စစ်မှူးဟောင်း စတန်ကော်လီမိုးက အကြံပြုလိုက်ပါတယ်။

ဂျာမနီတိုက်စစ်မှူး တီမိုဝါနာဟာ ဘွန်ဒက်လီဂါကလပ် ဘိုင်ယန်မြူးနစ်ကို ပြောင်းဖို့ကိစ္စတွေ နီးစပ်နေခြင်း မရှိသေးပဲ လီဗာပူးအသင်းကို ပြောင်းရွှေ့ဖို့က ဖြစ်နိုင်နေဆဲပါလို့ လိုက်ဇစ်အသင်း စီအီးအိုဖြစ်သူက ဝန်ခံစကား ပြောဆိုလိုက်ပါတယ်။

လိုင်ယွန် ကွင်းလယ်တိုက်စစ်သမား နာဘေ ဖယ်ကီယာရဲ့ အနာဂတ်က အသင်း ချန်ပီယံလိဂ် ၀င်ခွင့် ရခြင်း မရခြင်းပေါ် မူတည်မှာ ဖြစ်ပြီး ၄င်းကို ၂၀၁၈ နွေက အသည်းအသန် ချိတ်ဆက်ဖူးတဲ့ လီဗာပူး အနေနဲ့လည်း ပြန်လည် ကြိုးပမ်းနိုင်မှာပါ။