ဘောလုံးရာသီတစ်ခု ကုန်ဆုံးခဲ့ပြီဖြစ်ပြီး မန်ယူအသင်းဟာ ပရီးမီးယားလိဂ်မှာ အဆင့် ၆ နေရာကနေ ရာသီသိမ်းခဲ့ပြီဖြစ်တယ်။ မန်ယူအတွက်တော့ အတက်အကျ များတဲ့ ဘောလုံးရာသီလည်း ဖြစ်ခဲ့ပါတယ်။

မန်နေဂျာအပြောင်းအလဲ ဖြစ်ခဲ့သလို ကစားသမား တချို့တလေလောက်သာ သာမန်၊ ဒါမှမဟုတ် အဲဒီထက် အနည်းငယ်ပိုတဲ့ စွမ်းဆောင်ရည်မျိုးကို ပြသနိုင်ခဲ့လို့ ဝေဖန်မှုကြီးတွေ ပိုင်ဆိုင်ခဲ့ကြတယ်။ ဒီဂီယာ၊ လင်ဂတ်၊ မာရှယ်၊ ရပ်ရှ်ဖို့ဒ်တို့ဟာ ခြေစွမ်း မတည်ငြိမ်ပဲ အကောင်းဆုံးပုံစံမှာ ရှိနေခဲ့ကြသလို ပုံမှန်စွမ်းဆောင်ရည်အောက် ရောက်နေချိန်တွေလည်း ရှိခဲ့ပါတယ်။

ဆိုးရှားနဲ့အတူ စပါး၊ ချယ်လ်ဆီး၊ အာဆင်နယ်၊ PSG တို့ကို အဝေးကွင်းတွေမှာ အနိုင်ယူခဲ့တာတွေလည်း ရှိခဲ့တယ်။ ဒါပေမယ့် ပြိုင်ဖက်အသင်းအများစု ဥရောပအဆင့်ထိ တက်လှမ်းအောင်မြင်နေကြပြီး မန်ယူကတော့ လာမယ့်ရာသီ ချန်ပီယံလိဂ်ကို လွဲချော်မယ့် အနေအထားကို ရောက်လို့နေပါတယ်။

အဲ့ဒီ အနေအထားတွေကနေ ဒီရာသီမှာ မန်ယူအတွက် ခြေစွမ်းအတည်ငြိမ်ဆုံး ကစားသမားတွေကို ရွေးထုတ်ဖော်ပြလိုက်ပါတယ်။

လင်ဒီအော့ဖ်

ဒီနှစ်ဘောလုံးရာသီ မန်ယူရဲ့ ခြေစွမ်းတည်ငြိမ်မှုအရှိဆုံး ကစားသမား ဖြစ်ပြီး တစ်နှစ်တာ အကောင်းဆုံးဆုရသွားတဲ့ လုရှောထက်တောင် သူက ပိုတည်ငြိမ်ခဲ့ပါတယ်။ လက်ရှိ မန်ယူအသင်းရဲ့ ခံစစ်ကြောင်းက ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း အဆိုးရွားဆုံး အနေအထားကို ရောက်နေခဲ့ပေမယ့် လင်ဒီအော့ဖ်က အလားအလာကောင်းတဲ့ နောက်ခံလူတစ်ယောက်အဖြစ် ရှိနေဆဲပါပဲ။

လုရှော

ဒီနှစ်ဘောလုံးရာသီဟာ လုရှောရဲ့ မန်ယူကစားသမားဘဝ စွမ်းဆောင်ရည် အကောင်းဆုံးရာသီပါ။ ရာသီအစမှာကတည်းက ခြေစွမ်းပြခဲ့တဲ့ လုရှောဟာ တစ်ရာသီလုံး အတိုင်းအတာအားဖြင့် ပုံမှန်ခြေစွမ်းကို ထိန်းသိမ်းထားနိုင်ခဲ့ပြီး ထူးထူးကဲကဲ ခြေစွမ်းပြခဲ့တဲ့ပွဲတွေလည်း အများအပြားရှိခဲ့ပါတယ်။ လုရှောဟာ အသင်းက ချီးမြှင့်တဲ့ တစ်နှစ်တာ အကောင်းဆုံးကစားသမားဆု၊ အသင်းဖော်တွေ ရွေးချယ်တဲ့ အကောင်းဆုံးကစားသမားဆုတို့ကို ရရှိခဲ့ပါတယ်။

ပေါ့ဘာ

သူ့ရဲ့ခြေစွမ်းကို တစ်ရာသီလုံး အတိုင်းအတာမှာ မေးခွန်းထုတ်စရာတွေရှိပေမယ့် ဆိုးရှား လက်ထက် ပထမ ၃ လလောက်အတွင်းမှာ ပေါ့ဘာရဲ့ခြေစွမ်းဟာ ရပ်တန့်လို့မရအောင် ဖြစ်ခဲ့ပါတယ်။ ၁၁ ပွဲမှာ ၉ ဂိုးသွင်းပြီး ၆ ဂိုး ဖန်တီးပေးခဲ့တဲ့ ပေါ့ဘာကြောင့် မန်ယူအသင်းဟာ အဆင့် ၄ နေရာကို ခဏတာ ပြန်လည်တက်ရောက်နိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူ့ရဲ့ခြေစွမ်းက ပြန်ကျသွားခဲ့တာဖြစ်တယ်။