မန်ချက်စတာယူနိုက်တက်ရဲ့ နောက်ဆုံးပရီးမီးယားလိဂ်ခရီးလမ်းကြီးဟာ ခက်ခဲကြမ်းတမ်းခဲ့ပြီး နည်းပြဆိုးလ်ရှားကတော့ ဒီအခြေအနေကို စိတ်ပျက်မနေပဲ သင်ခန်းစာယူကာ ဘယ်ကစားသမားတွေကို ချန်ထားပြီး ဘယ်ကစားသမားတွေကို ရောင်းထုတ်သွားရမယ်ဆိုတာ စဉ်စားနေကြောင်း အရိပ်အမြွက် ဖွင့်ဟလာခဲ့တယ်။

ဆိုးလ်ရှားက “ကျွန်တော်ဟာ ရှုံးနိမ့်တာကိုမကြိုက်တဲ့အတွက် ဘယ်လိုအနိုင်ရအောင်လုပ်ရမယ်ဆိုတာကို သင်ယူခဲ့ပြီးပါပြီ” လို့ မန်ချက်စတာယူနိုက်တက် ဝဘ်ဆိုဒ်တွင် ပြောခဲ့သည်။

“ကျွန်တော်တို့ဟာ ကျေနပ်ဖို့ကောင်းတဲ့ ရာသီတစ်ခုကို စတင်ခဲ့တယ်။ ကောင်လေးတွေကလည်း ကျွန်တော်ရောက်ကတည်းက မယုံကြည်နိုင်လောက်အောင် လုပ်ပြခဲ့တယ်။ အားလုံးဟာ အပြုသဘောဆောင်တယ်ပေါ့ဗျာ။ ကစားပွဲတွေအားလုံး အနိုင်ရခဲ့တယ်။ တစ်ဖွဲ့လုံး အဲ့ဒီအချိန်တုန်းက ပျော်ရွှင်နေကြတယ်။ ဒါပေမယ် ဘောလုံးဆိုတာ ခက်ခဲတယ်ဆိုတာကို ကျွန်တော်နားလည်ပါတယ်။

အရာရာတိုင်းကို ပုံသေကြီးသွားမယ်လို့ ခင်ဗျားတွေးထားလို့ မရပါဘူး။ လက်တွေ့က ပညာပေးသွားလိမ့်မယ်။ ကျွန်တော်တို့ဟာ အလွန်ကောင်းတဲ့ အသင်းတွေစုစည်းနေတဲ့ လိဂ်ထဲကို ရောက်ရှိနေတာပါ။ ထိပ်ဆုံးကိုရောက်ဖို့ဆိုရင်တော့ ပွဲတိုင်းနီးပါးကို ၁၀၀ ရာခိုင်နှုန်း အာရုံစိုက်ထားဖို့ လိုအပ်တယ်။

တချို့ပွဲတွေမှာဆို ကျွန်တော်တို့အားလုံး တကယ့်ကို အာရုံစိုက်ခဲ့တယ်၊ ဒီအတွက်ကြောင့် ရလဒ်ကပျော်စရာကောင်းခဲ့တယ်လို့ ထင်တယ်။ ဒါတွေအားလုံးပြီးတဲ့အချိန်မှာတော့ ကျွန်တော်ကတော့ တော်တော်များများ လေ့လာသင်ယူဖြစ်ခဲ့သလို၊ အသင်းကို ဘယ်လိုပြန်လည်တည်ဆောက်မယ်ဆိုတာကိုပဲ အချိန်တိုင်းတွေးနေပါတယ်။ နောက်တစ်ဆင့်တက်ဖို့ လိုအပ်တယ်ဗျ၊ ဒါမှ သူများတွေလို ဖြစ်လာမှာ။

နောက်ဆုံးအချိန်တွေဟာ အလွန်ကိုခက်ခဲကြမ်းတမ်းတယ်ဗျာ။ ဒါဟာ တစ်သင်းလုံး၊ ဒါမှမဟုတ် ကစားသမားတွေ အားလုံးဆိုးတယ်လို့ မဆိုလိုဘူးနော်။ သူတို့တွေအတွက် စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာရော စိတ်ခံစားခဲ့ရတာ ကြာခဲ့ပါတယ်။

ခင်ဗျားဆိုရင်ရော ခင်ဗျားသဘောကျတဲ့ နည်းပြတစ်ယောက်က ရာသီဝက်မှာ ဆုံးရှုံးလိုက်ရမယ်ဆိုရင် ဘယ်လိုလုပ်မတုံး? ဒါကြောင့် ကစားသမားတွေအတွက် မလွယ်ကူဘူးလို့ဆိုတာပါ” လို့ ကစားသမားများနှင့်ပတ်သတ်ပြီး မှတ်ချက်ပြုသွားခဲ့သည်။