ပရီးမီးယားလိဂ်ပွဲစဉ်တွေကတော့ အရှိန်တစ်ဖြည်းဖြည်းကောင်းလို့လာပြီ ဖြစ်ပါတယ်။ မန်စီးတီး၊ လစ်ဗာပူးလ်နဲ့ ချဲလ်ဆီးတို့ကတော့ လက်ရှိအချိန်အထိ ရှုံးပွဲကြုံတွေ့ထားခြင်း မရှိသေးပါဘူး။ ပြီးခဲ့တဲ့ အပတ်မှာ ချဲလ်ဆီးအနေနဲ့ မန်ယူကို ရှုံးတော့မယ့် ဆဲဆဲ အချိန်မှာပဲ ဘာကလေရဲ့ နောက်ကျဂိုးကြောင့် သရေတစ်မှတ် ရရှိခဲ့ပြီး ရှုံးပွဲမရှိ စံချိန်ကို ဆက်ထိန်းထားနိုင်ခဲ့ပါတယ်။အာဆင်နယ်၊ စပါး အစရှိတဲ့ အသင်းတွေဟာလည်း နိုင်ပွဲတွေဆက်နေပြီး ချန်ပီယံလမ်းကြောင်းပေါ်မှာ ရှိနေဆဲ ဖြစ်ပါတယ်။ ယခုတစ်ပတ်မှာတော့ ပွဲကြီးပွဲကောင်းတစ်ပွဲအဖြစ် တနလာင်္နေ့ညမှာ ကစားမယ့် တော့တင်ဟမ်ဟော့စပါး နဲ့ မန်စီးတီးတို့ ထိပ်တိုက် တွေ့ဆုံမယ့် ပွဲစဉ် ရှိနေပါတယ်။ ဒါ့အပြင် အဲဒီမတိုင်ခင် စူပါဆန်းဒေးမှာ ကစားမယ့် မန်ယူ – အဲဗာတန် ပွဲစဉ်ကလည်း ကြည့်လို့ ကောင်းတဲ့ ပွဲစဉ် ဖြစ်လာနိုင်ပါတယ်။ ပေါလ်ရဲ့ ခန့်မှန်းချက်ကလေးတွေ ကြည့်လိုက်ကြရအောင်။

၁။ ဘရိုက်တန် – ဝုဗ်ဗာဟမ်တန် (စနေည၊ ၈း၃၀ နာရီ)

ဝုဗ်ဟာ ဂိုးတွေများများစားစားရရှိလေ့မရှိပါဘူး။ (၉) ပွဲကစားထားရာမှာ (၉) ဂိုးသာ ရရှိထားတာဖြစ်ပါတယ်။ သူတို့အနေနဲ့ တော်တော်လေးကို တိုးတက်ဖို့ လိုအပ်နေတာပါ။ သူတို့မှာ လိုအပ်နေတဲ့ အရာဟာ ထိပ်တန်းအဆင့် ရှိတဲ့ တိုက်စစ်မှူးတစ်ဦး ဖြစ်ပါတယ်။ ပွဲစဉ်တော်တော်များများမှာ ဝုဗ်အနေနဲ့ ဘောလုံးများများစားစား ပိုင်ဆိုင်မှု ရရှိထားပေမယ့်လည်း သွင်းဂိုး(၉) ဂိုးလောက်ပဲရရှိထားတာကတော့ သူတို့အတွက် စိုးရိမ်စရာဖြစ်ပါတယ်။ ဘရိုက်တန်က အိမ်ကွင်းဆိုရင် ကစားပုံကောင်းပါတယ်။ ဝုဗ်အနေနဲ့ ထုံးစံအတိုင်း ဘောလုံးကို အသာစီးယူပြီး ကစားသွားနိုင်ခြေရှိနေပေမယ့် ဂိုးတော့ သွင်းနိုင်မှာ မဟုတ်ပါဘူး။ဘရိုက်တန်ကပဲ ဂိုးတွေသွင်းသွားပါလိမ့်မယ်။

ခန့်မှန်းရလဒ် ။ ။ ဘရိုက်တန် ၂ – ၀ ဝုဗ်ဗာဟန်တန်

၂။ ဖူဟမ် – ဘုန်းမောက် (စနေည၊ ၈း၃၀ နာရီ)

ဖူဟမ်ရဲ့ ခံစစ်ကစားပုံဟာ စိတ်ပူစရာပါပဲ။ ကျွန်တော်တစ်ခါမှ ဒီလိုပုံစံကို မတွေ့ဖူးပါဘူး။ ပရီးမီးယားလိဂ်မှာ ဆိုးရွားလွန်းတဲ့ ခံစစ်ကစားပုံတွေကို ကျွန်တော်တွေ့ခဲ့ဖူးပါတယ်။ ဒါပေမယ့် ဖူဟမ်လောက် မဆိုးရွားခဲ့ဖူးပါဘူး။ ကစားသမားတွေဟာနေရာအနှံ့ပြန့်ကျဲနေပါတယ်။ အရမ်းကို ဖွင့်ကစားတတ်ပါတယ်။ သူတို့က အာဆင်နယ်ကိုတောင် အာဆင်နယ် အနေနဲ့ ဘာစီလိုနာကို ကစားသလို ကစားတာပါ။ မင်းတို့ တစ်လုံးကန်ရင် ငါတို့လည်း တစ်လုံးကန်မယ်ဆိုတဲ့ အထာပါ။ ချန်ပီယံရှစ်မှာ အဆင်ပြေပေမယ့် ပရီးမီးယားလိဂ်မှာတော့ ပြင်မှရပါမယ်။ ဘုန်းမောက်ပဲ လွယ်လွယ်ကူကူနိုင်သွားပါလိမ့်မယ်။

ခန့်မှန်းရလဒ် ။ ။ ဖူဟမ် ၁ – ၄ ဘုန်းမောက်

၃။ လစ်ဗာပူးလ် – ကာဒစ်ဖ်စီးတီး (စနေည၊ ၈း၃၀ နာရီ)

ကာဒစ်ဖ်အနေနဲ့ အန်ဖီးလ်ကနေ ဒဏ်ရာ အနာတရ ကင်းကင်းနဲ့ ပြန်ထွက်လာနိုင်အောင်ပဲ မျှော်လင့်ရမှာ ဖြစ်ပါတယ်။နောက်တစ်ပွဲကိုပဲ ကောင်းကောင်းအာရုံစိုက်ဖို့ပေါ့။ ဒါပေမယ့်လည်း နေးလ်ဝါနော့ခ် ရဲ့ အသင်းဟာ လစ်ဗာပူးလ်ကို အလွတ်တည်ကန်ဘောတွေကနေတော့ ဒုက္ခပေးမှာ သေချာပါတယ်။ ပရီးမီးယားလိဂ်မှာ ဒီလိုပွဲစဉ်တွေဟာ လစ်ဗာပူးလ်ခြေချော်တတ်တဲ့ ပွဲစဉ်တွေပါ။ အဲဒါကြောင့်လည်း မန်စီးတီးပဲလွယ်လွယ်ကူကူ ဖလားရသွားမယ်လို့ ပြောနေကြတာပေါ့။ မန်စီးတီးက ဒီလိုအသင်းတွေဆို အလွယ်တကူ အနိုင်ပိုင်းလေ့ရှိတာကြောင့်ပါ။ တစ်ခါတစ်လေတော့လည်း ဒီလိုပွဲစဉ်တွေဟာ လစ်ဗာပူးလ်အတွက် လွယ်ကူလွန်းနေလောက်ပါတယ်။ ဒီပွဲမှာ လစ်ဗာပူးလ်အနိုင်ရရှိမှာပါ။ ဒါပေမယ့် ကာဒစ်ဖ်အနေနဲ့ ခက်ခဲအောင်တော့ လုပ်သွားနိုင်ပါတယ်။

ခန့်မှန်းရလဒ် ။ ။ လစ်ဗာပူးလ် ၂ – ၀ ကာဒစ်ဖ်စီးတီး

၎။ ဆောက်သမ်တန် – နယူးကာဆယ် (စနေည၊ ၈း၃၀ နာရီ)

တစ်သင်းနဲ့ တစ်သင်း ခက်ခက်ခဲခဲ ကစားသွားရဖို့ ရှိနေပါတယ်။ ဆောက်သမ်တန်ရဲ့ အိမ်ကွင်းရလဒ်က တော်တော်လေးကို ဆိုးရွားနေတာကြောင့် နယူးကာဆယ်အတွက်တော့ ဖိအားရှိနေမှာ မဟုတ်ပါဘူး။ ဆောက်သမ်တန်အနေနဲ့ အိမ်ကွင်းပရိသတ်တွေအတွက် နိုင်ပွဲတစ်ပွဲတော့ ပြန်ရအောင် လုပ်ပေးရမှာ ဖြစ်ပါတယ်။ နယူးကာဆယ်အနေနဲ့ ဒီပွဲမှာ ကစားပုံကောင်းပါလိမ့်မယ်။ ဒါပေမယ့် ဂိုးသွင်းယူနိုင်လိမ့်မယ်လို့တော့ ကျွန်တော်မထင်ပါဘူး။ ဆောက်သမ်တန်အတွက် ဒီပွဲမှာ ဒန်နီအင့်စ် ဒါမှမဟုတ်ချာလီအော်စတင် တို့ရဲ့ ရုန်းအားတွေက ပွဲရဲ့ အပြောင်းအလဲကို ဖန်တီးပေးသွားနိုင်ပါလိမ့်မယ်။

ခန့်မှန်းရလဒ် ။ ။ ဆောက်သမ်တန် ၁ – ၀ နယူးကာဆယ်

၅။ ဝက်ဖို့ဒ် – ဟက်ဒါစ်ဖီးလ် (စနေည၊ ၈း၃၀ နာရီ)

ဒီပွဲက ခန့်မှန်းရခက်ခဲတဲ့ ပွဲစဉ်ဖြစ်ပါတယ်။ ဟက်ဒါစ်ဖီးလ်ဟာ တော်တော်လေးကို ကစားပုံဆိုးရွားနေတာ မဟုတ်ပေမယ့်လည်း နိုင်ပွဲမရတာကတော့ (၁၉) ပွဲ ရှိနေပြီ ဖြစ်ပါတယ်။ သူတို့အနေနဲ့ ကံတရားရဲ့ ဖေးမမှုကိုလည်း လိုအပ်နေပါတယ်။ အနှေးနဲ့ အမြန် သူတို့ နိုင်ပွဲတွေ ပြန်တွေ့တော့မယ်လို့ ခန့်မှန်းလို့ ရနိုင်ပါတယ်။ သူတို့အသင်းရဲ့ စိတ်ဓာတ်ကြောင့်ပဲ အခွင့်အရေးတွေ ရရှိလာတော့မှာ ဖြစ်ပါတယ်။ ဝက်ဖို့ဒ်ဟာ တော်တော်လေးကို ကြောက်ဖို့ကောင်းပါတယ်။ သူတို့ဟာ ပရီးမီးယားလိဂ်မှာကစားနေတဲ့ အသင်းတိုင်းကို အနိုင်ယူနိုင်စွမ်းရှိတဲ့ပုံပေါ်ပေမယ့် အိမ်ကွင်းမှာတော့ ဘုန်းမောက်ကို (၄-၀) နဲ့ ရှုံးခဲ့ပါတယ်။ အဲဒီနောက်မှာ ဝုဗ်ကို သာသာယာယာနိုင်ခဲ့ပြန်ပါတယ်။ သူတို့ကို အထင်သေးလို့တော့ မရသေးပါဘူး။

ခန့်မှန်းရလဒ် ။ ။ ဝက်ဖို့ဒ် ၂ – ၀ ဟက်ဒါစ်ဖီးလ်

၆။ လက်စတာစီးတီး – ဝက်စ်ဟမ်း (စနေည၊ ၁၁း၀၀ နာရီ)

အရမ်းကို မျှတတဲ့ ပွဲစဉ် တစ်ပွဲဖြစ်ပါတယ်။ ဝက်စ်ဟမ်းမှာ အန်ဒရီ ယာမိုလန်ကို ပါလာမှာ မဟုတ်တဲ့ အတွက် မာကိုအာနောက်ထဗစ်ကိုပဲ တည်ပြီး ကစားသွားနိုင်ပါတယ်။ သူဟာ အသင်းကြီး (၆) သင်းမှာ ကစားလို့ရတဲ့ အရည်အသွေးမျိုးရှိတဲ့ကစားသမားဖြစ်ပါတယ်။ သူ့အနေနဲ့ လက်စတာဘက်ကို ဂိုးသွင်းယူနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ဒါပေမယ့် လက်စတာကလည်းဂိုးပြန်သွင်းယူမှာပါ။ သရေကျမယ့် ပွဲစဉ် ဖြစ်ပါတယ်။

ခန့်မှန်းရလဒ် ။ ။ လက်စတာစီးတီး ၁ – ၁ ဝက်စ်ဟမ်း

၇။ ဘန်လေ – ချဲလ်ဆီး (တနင်္ဂနွေည၊ ၈း၀၀ နာရီ)

ဘန်လေက သူ့အိမ်ကွင်းမှာ အသင်းကြီးတွေနဲ့ တွေ့ဆုံတိုင်း ရလဒ်ကောင်းမွန်လေ့ မရှိပေမယ့် အရမ်းကြီး ဖိခံနေရတာမျိုးတော့ မဟုတ်ပါဘူး။ အမြဲတမ်း ကြည့်လို့ကောင်းတဲ့ ပွဲစဉ်ဖြစ်အောင်တော့ ကစားနိုင်စွမ်းရှိပါတယ်။ ဒါပေမယ့်လည်း လောလောဆယ် ဘန်လေက ယှဉ်ပြိုင်ရခက်ခဲတဲ့ အသင်းတော့ မဟုတ်ပါဘူး။ လောလောဆယ် သူတို့ရဲ့ ကစားပုံဟာ မာန်သိပ်မပါဘူးဖြစ်နေပါတယ်။ ပြိုင်ဘက်အသင်းတွေ အနေနဲ့ အရင်တုန်းက သူတို့နဲ့ ကစားရမယ်ဆိုရင် ခက်ခဲနိုင်တယ်လို့ တွေးထားကြပေမယ့်အခုတော့ မတွေးကြတော့ပါဘူး။ ဘန်လေအနေနဲ့ အရင်ရာသီက သူတို့ဘယ်လိုကစားခဲ့သလဲဆိုတာကို ဗီဒီယိုပြန်ကြည့်သင့်ပါတယ်။ရှောင်ဒိုက်ခ်ျဟာ ထူးချွန်တဲ့ နည်းပြတစ်ဦးဖြစ်ပါတယ်။ ဒီပွဲဟာ ဖွင့်ကစားကြမယ့် ပွဲစဉ် ဖြစ်ပြီး အဝေးကွင်းဖြစ်တဲ့ ချဲလ်ဆီးကပဲဘန်လေကို ဒုက္ခပေးသွားမှာ ဖြစ်ပါတယ်။

ခန့်မှန်းရလဒ် ။ ။ ဘန်လေ ၁ – ၃ ချဲလ်ဆီး

၈။ ခရစ္စတယ်ပဲလေ့စ် – အာဆင်နယ် (တနင်္ဂနွေည၊ ၈း၀၀ နာရီ)

အာဆင်နယ်ဟာ အကောင်းဆုံးအနေအထားနဲ့ နိုင်ပွဲတွေဆက်နေပါတယ်။ သူတို့အတွက် စိတ်ပူစရာရှိတာက နောက်အပတ်မှာ ကစားမယ့် လစ်ဗာပူးလ်နဲ့ ပွဲစဉ်ပဲ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ အဲဒီပွဲစဉ်ရဲ့ ရလဒ်ကိုတောင် မခန့်မှန်းချင်ပါဘူး။ ဒီပွဲမှာတော့ သူတို့ဟာ ပဲလေ့စ်ကို ဖွင့်ကစားရင်းနဲ့ အနိုင်ယူသွားပါလိမ့်မယ်။ ပဲလေ့စ်အနေနဲ့ ဂိုးသွင်းယူနိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော်ပဲလေ့စ်အတွက်တော့ စိတ်ပူပါတယ်။ သူတို့အနေနဲ့ နိုင်ပွဲတွေ ပြန်ရဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။ သူတို့ရဲ့ တစ်သင်းလုံးရဲ့ ဖိအားတွေဟာ ဝီလ်ဖရိုက် ဇာဟာအပေါ်မှာလည်း ကျရောက်နေပါတယ်။

ခန့်မှန်းရလဒ် ။ ။ ခရစ္စတယ်ပဲလေ့စ် ၁ – ၃ အာဆင်နယ်

၉။ မန်ချက်စတာယူနိုက်တက် – အဲဗာတန် (တနင်္ဂနွေည၊ ၁၀း၃၀ နာရီ)

မန်ယူဟာ လက်ရှိအချိန်မှာ တလွဲတွေ ဖြစ်နေသေးပေမယ့် ဒီပွဲကိုတော့ သူတို့ အနိုင်ရရှိလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဂျူဗင်တပ်စ်နဲ့ ပွဲမှာတုန်းက သူတို့ ကစားပုံကောင်းမယ်လို့ ကျွန်တော် မျှော်လင့်ခဲ့မိပေမယ့် ခြေစမ်းပွဲစဉ်တစ်ပွဲလိုပဲ ပြီးဆုံးသွားပါတယ်။ အခြားသော အသင်းကြီးတွေကို ကြည့်မယ်ဆိုရင် သူ့အစီအစဉ်နဲ့ သူ ရှိပြီးသားဖြစ်ပါတယ်။ အဲဗာတန်အနေနဲ့ မန်ယူကို အကောင်းဆုံး ဒုက္ခပေးသွားပါလိမ့်မယ်။ ဒါပေမယ့်လည်း ယူနိုက်တက်အနေနဲ့ ကောင်းကောင်းပြန်ခြေပ နိုင်မှာ သေချာပါတယ်။ဒါပေမယ့်လည်း ရာသီကုန်မှာ ထိပ်ဆုံး (၄) သင်းစာရင်းထဲဝင်ချင်ရင်တော့ သူတို့ အနေနဲ့ တော်တော်လေးကို ကြိုးစားရဖွယ်ရှိ
နေပါတယ်။

ခန့်မှန်းရလဒ် ။ ။ မန်ချက်စတာယူနိုက်တက် ၂ – ၁ အဲဗာတန်

၁၀။ တော့တင်ဟမ် ဟော့စပါး – မန်ချက်စတာစီးတီး (အင်္ဂါနံနက်၊ ၂း၃၀ နာရီ)

တော့တင်ဟမ်ဟာ ကစားပုံမကောင်းပေမယ့်လည်း ရလဒ်တွေ ကောင်းမွန်နေပါတယ်။ သူတို့ဟာ ဝက်စ်ဟမ်းနဲ့ပွဲမှာလည်း ကံကောင်းခဲ့ပါတယ်။ လက်ရှိအချိန်မှာ သူတို့ရဲ့ ကစားသမားအချို့အနေနဲ့ အကောင်းဆုံးခြေစွမ်းကို မပြသနိုင်ဘူး ဖြစ်နေပါတယ်။ ဒါပေမယ့်လည်း အမှတ်ပေးဇယားမှာ သူတို့ ဘယ်နေရာမှာ ရောက်နေလဲကြည့်လိုက်ပါ။ သူတို့ ပိုမိုကောင်းမွန်လာနိုင်ပါသေးတယ်။ မန်စီးတီးအနေနဲ့ သူတို့ရဲ့ အသင်းမှာ လျင်မြန်သွက်လက်တဲ့ ကစားသမားတွေ များပြားလာတဲ့ အတွက် နောက်ပိုင်းပွဲစဉ်တွေမှာတော့ တစ်ချိန်လုံး ဘောလုံးပေးကစားနေမှာ မဟုတ်တော့ပါဘူး။ အဲဒါကြောင့် တစ်ဖြည်းဖြည်း ပိုကောင်းလာတဲ့မန်စီးတီးကပဲ စပါးကို အသာရသွားပါလိမ့်မယ်။

ခန့်မှန်းရလဒ် ။ ။ တော့တင်ဟမ်ဟော့စပါး ၁ – ၃ မန်ချက်စတာစီးတီး

Goal Reader