၂၀၁၈-၁၉ ဘောလုံးရာသီရဲ့ ပရီးမီးယားလိဂ် တစ်ရာသီ အကောင်းဆုံးနည်းပြဆုကိုတော့ မန်စီးတီးကို အမှတ်ပေးချန်ပီယံဖြစ်အောင် ဦးဆောင် ပဲ့ကိုင်ပေးခဲ့တဲ့ နည်းပြပက်ပ်ဂွာဒီယိုလာက ရရှိသွားခဲ့ပါတယ်။

လီဗာပူးလ်ကို (၁)မှတ်အသာနဲ့ ချန်ပီယံ ဖြစ်ခဲ့ပြီးတဲ့နောက်မှတော့ ဂွာဒီယိုလာဟာ ပရီးမီးယားလိဂ်သမိုင်းမှာ ဆာအဲလက်စ်ဖာဂူဆန်၊ ဟိုဆေးမော်ရင်ဟိုတို့ရဲ့နောက်ပိုင်း ဖလားကို ကာကွယ်နိုင်တဲ့တဲ့ တတိယမြောက်နည်းပြဖြစ်လာခဲ့ပါတယ်။

ဂွာဒီယိုလာဟာမန်စီးတီးကို (၂)နှစ်ဆက်တိုက် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်အောင်ပြုလုပ်ပေးနိုင်ခဲ့တဲ့နောက် အဆိုပါဆုကိုလည်း (၂)နှစ်ဆက် ဆွတ်ခူးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ဆုအတွက် ဇကာတင်စာရင်းမှာ ဂွာဒီယိုလာနဲ့ အတူ လီဗာပူးမှ ယာဂင်ကလော့ပ်၊ စပါးမှ ပိုချက်တီနိုနဲ့ ၀ုဗ်နည်းပြ ဆန်တိုတို့ ပါဝင်ခဲ့ပြီး ၄င်းတို့ကို ကျော်ဖြတ်ကာ ထိုက်ထိုက်တန်တန်ဆွတ်ခူးနိုင်ခဲ့တာပဲဖြစ်ပါတယ်။

” ဒီဆုကို လက်ခံရရှိခဲ့တာဟာ ဂုဏ်ယူစရာပါပဲ၊ ဒီဆုကို ကျွန်တော့်ရဲ့ ကစားသမားတွေနဲ့အတူ မျှဝေချင်ပါတယ်၊ ဘာကြောင့်လဲ ဆိုတော့ သူတို့ဟာ အရာအားလုံးကို ဖန်တီးခဲ့ကြလို့ပါ၊ ပြီးတော့ ကျွန်တော့် နည်းပြ အဖွဲ့ဝင်တွေဟာလည်း ကျွန်တော်နဲ့အတူ ပရီးမီးယားလိဂ်မှာ ရှိတဲ့နည်းပြ အားလုံးနဲ့ တိုက်ပွဲဝင်ခဲ့ကြလို့ပါ ”

“အထူးသဖြင့်တော့ ယာဂန်ကလော့ပ် နဲ့ပေါ့၊ သူဟာ နောက်ဆုံးပွဲစဉ်အထိကို ကျွန်တော်တို့ ယှဉ်ပြိုင် တိုက်ခိုက်ခဲ့ရတဲ့ အံ့အားသင့်စရာ ကောင်းတဲ့ ပြိုင်ဘက်တစ်ဦး ဖြစ်ပါတယ်၊ ”

“သူတို့အားလုံးနဲ့ ယှဉ်ပြိုင်ကစားခဲ့ရပြီးအမှတ်ပေးဖလားကို ခက်ခက်ခဲခဲဆွတ်ခူးနိုင်ခဲ့တာဟာ ကျွန်တော့်အတွက်တော့ ကျေနပ်စရာပါပဲ” လို့ ဂွာဒီယိုလာက ဆုရအပြီးမှာ ပြောဆိုခဲ့ပါတယ်။