လီဗာပူးတိုက်စစ်သမား မာနေးနဲ့ ကွင်းလယ်လူ သီယာဂိုတို့ဟာ ကိုဗစ် ကူးစက်ခံထားရမှုကြောင့် ဒီကနေ့ ယှဉ်ပြိုင်ကစားရမယ့် အက်စတွန်ဗီလာနဲ့ပွဲကို ပါဝင်ကစားနိုင်မှာ မဟုတ်ပါဘူး။

အသက် ၂၈ နှစ်အရွယ် တိုက်စစ်သမားဟာ လီဗာပူးအသင်းမှာ ကိုဗစ်ပိုးကူးစက်ခံထားရတဲ့ နောက်ဆုံးသော ကစားသမားဖြစ်ပေမယ့် ကျန်းမာရေး အခြေအနေ ကောင်းမွန်နေတယ်လို့ သိထားရတယ်။ မာနေးမတိုင်ခင်မှာ သီယာဂိုဟာ ကိုဗစ်ပိုး လက္ခဏာတွေ ပြသလာမှုကြောင့် သီးသန့်နေမှုနဲ့ စောင့်ကြည့်နေခြင်းဖြစ်တယ်။

မာနေးကလည်း ကိုဗစ်ပိုး ကူးစက်ခံရမှု လက္ခဏာတွေ ပြသထားခြင်းကြောင့် ၁၄ ရက် ကွာရန်တင်းကို စတင် ဝင်ရောက်နေပြီ ဖြစ်ပေမယ့်လည်း အခြေအနေက အကောင်းမြင်နိုင်စရာ ရှိသလို သက်မှတ်ရက်တွေ ကျော်လွန်သွားရင် လေ့ကျင့်ရေး ပြန်ဆင်းနိုင်ဖွယ် ရှိပါတယ်။ လီဗာပူးအသင်းရဲ့ ဆေးအဖွဲ့ဝင်တွေက အာဏာပိုင်တွေရဲ့ လမ်ညွှန်မှုအတိုင်း ဂရုစိုက်ပေးနေပြီး အခြေအနေ ကောင်းမွန်နေတယ်။

ဒီကနေ့ အက်စတွန်ဗီလာနဲ့ပွဲပြီးရင် နိုင်ငံတကာ သီတင်းပတ် ဝင်ရောက်လာမှာဖြစ်ကာ မာနေးကော သီယာဂိုပါ လီဗာပူးမှာပဲ ဆက်ရှိနေရမှာပါ။ လောလောဆယ်မှာတော့ အောက်တိုဘာလ ၁၇ ရက်နေ့မှာ ယှဉ်ပြိုင်ရမယ့် မာဆေးဆိုဒ် ဒါဘီပွဲမှာ သူတို့ ပါဝင်နိုင်မယ် အနေအထားနဲ့ ပက်သက်လို့ သတင်းထုတ်ပြန်မှုတွေ လုပ်ပေးဦးမှာ မဟုတ်ပါဘူး။

လီဗာပူးအသင်းဟာ ရာသီသစ်မှာ ကိုဗစ် ကူးစက်ခံရသူ သုံးဦးထိ ရှိလာနေခဲ့ပြီဖြစ်ကာ ရာသီကြိုမှာ ကိုစတက် ကူးစက်ခံရပြီးနောက် မာနေးနဲ့ သီယာဂိုတို့က နောက်ဆုံး ကူးစက်ခံထားရသူတွေဖြစ်တယ်။ ကိုစတက်ဟာ လေ့ကျင့်ရေးကို အမြန်ဆုံး ပြန်ဝင်နိုင်ခဲ့သလို ကာရာဘောင်းပွဲမှာလည်း ပါဝင်နိုင်ခဲ့တာကြောင့် အဓိက ကစားသမား ၂ ဦးရဲ့ အခြေအနေကိုလည်း အကောင်းမြင်နိုင်ဆဲဖြစ်တယ်။

အင်္ဂလန်မှာ ကိုဗစ် ကူးစက်ခံရမှုတွေက ပြန်လည် မြင့်တက်လာနေတယ်။ ည ၁၀ နာရီနောက်ပပိုင်း အပြင်မထွက်ဖို့ မာရှယ်လော ထုတ်ထားသလို ကစားကွင်းတွေထဲ ပရိသတ်တွေ ပြန်ဝင်ခွင့်ကိုလည်း မတ်လအထိ တားမြစ်ခဲ့ပြီ ဖြစ်ပါတယ်။

ZAWGYI





