ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလထဲ မော်ရင်ညိုကို ထုတ်ပယ်ခဲ့လိုက်ချိန်မှာ လူတော်တော်များများကတော့ မန်ယူရဲ့ အဓိက အကြီးဆုံးပြဿနာဟာ အသင်းနည်းပြလို့ ယုံကြည်ခဲ့ကြတာပါ။ ဒါကြောင့် နည်းပြတစ်ယောက်ကိုသာ ပြောင်းနိုင်ခဲ့ရင် ဒီပြဿနာဟာ လွယ်လွယ်ပြီးဆုံးမယ်လို့ အားလုံးက ယူဆခဲ့ကြပါတယ်။

ဆိုးရှားအနေနဲ့လည်း ယာယီနည်းပြ ဘ၀မှာ အံမခန်းနိုင်တဲ့ စွမ်းဆောင်ရည်တွေနဲ့ အားလုံးရဲ့ မျှော်လင့်ချက်တွေကို အသက်သွင်းနိုင်ခဲ့ပါသေးတယ်။ ဒါပေမယ့် ဆိုးရှားတာဝန်ယူမှုမှာ နည်းပြသည်ပဲ ပြဿနာအားလုံးရဲ့ အရင်းအမြစ် မဟုတ်ဘူးဆိုတာ သိသာလာခဲ့တယ်။ အရာအားလုံး ပြီးဆုံးခဲ့တဲ့နောက် မန်ယူနည်းပြ ဆိုးရှားဟာ အသင်းကို အကြီးအကျယ် ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ ကြွေးကြော်နေပါတယ်။

ဆိုးရှားဟာ အသင်းကို အကျိုးမပြုဘူးလို့ သူယူဆတဲ့ ကစားသမားတွေကို ရောင်းချသွားဖို့လည်း ပြင်ဆင်နေတာပါ။ ဒါပေမယ့် လာမယ့်နွေမှာ ကစားသမားတစ်ဦးကို ရောင်းချပါက အသင်းတာဝန်ရှိသူတွေနဲ့ ပြဿနာအကြီးအကျယ် ဖြစ်ပွားသွားနိုင်ဖွယ် ရှိနေပါပြီ။

မန်ယူရဲ့ co-chairman တစ်ဦးဖြစ်တဲ့ Joel Glazer က တိုက်စစ်မှူး အန်တိုနီမာရှယ်ကို အသင်းရဲ့ ပီလီလို့ တင်စားပြီး ယုံကြည်နေပါတယ်။ ဒါကြောင့် ဆိုးရှားအနေနဲ့ အဆိုပါ ကစားသမားကို သတိထားပြီး ကိုင်တွယ်သွားရဖို့တော့ ရှိနေတာပါ။

ကလပ်အသင်းရဲ့ ရလာဒ်ဆိုးတွေ အားလုံးဟာ ကစားသမားတွေရဲ့ လုံလောက်တဲ့ အားထုတ်မှု မရှိတာကြောင့်လို့တော့ အားလုံးက ယူဆကြပါတယ်။ ဒီလိုမျိုး ယူဆခံရသူတွေထဲမှာ အသင်းရဲ့ တိုက်စစ်နေရာက မာရှယ်လည်း အပါအ၀င်ပါပဲ။

ပြင်သစ်သားကို မန်ယူနည်းပြဟောင်း မော်ရင်ညိုကလည်း ပြီးခဲ့တဲ့နွေရာသီက ရောင်းထုတ်ပစ်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမယ့် မန်ယူဟာ ယခုနှစ်မှာ မာရှယ်ကို စာချုပ်သစ် ချုပ်ဆိုထားနိုင်ခဲ့တာပါ။ ဆိုးရှားအနေနဲ့လည်း သူ့ကို ရောင်းချသွားဖို့ စဉ်းစားလာဖွယ် ရှိလာနိုင်နေတာပါ။

အင်္ဂလန်သတင်းဌာနတွေက ဖော်ပြလာမှုအရ အသက် (၂၃) နှစ်အရွယ် တိုက်စစ်မှူးကို Joel Glazer က အသင်းရဲ့ ပီလီလို့ ထင်မြင်ယူဆနေတယ်။ ဒါကြောင့် ဆိုးရှားအနေနဲ့ သူ့ကိုရောင်းချဖို့ ကြိုးစားရင် အခက်အခဲတွေနဲ့ ရင်ဆိုင်လာရဖွယ် ရှိနေတယ်။

ပြီးခဲ့တဲ့ရာသီက မာရှယ်ကို ရောင်းချပြီး အိုင်ဗန်ပူလီဆစ်ကို ခေါ်ယူချင်ခဲ့တဲ့ မန်ယူနည်းပြဟောင်း မော်ရင်ညိုဟာ ဂလေဇာနဲ့ ၀ုဒ်ဝဒ်တို့ တာဆီးမှုကြောင့် မပြုလုပ်နိုင်ခဲ့တာလို့ သိရပါတယ်။

မော်ရင်ညိုလက်ထက်မှာ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ဘယ်လိုမှ မနီးစပ်ခဲ့တဲ့ မာရှယ်ဟာ ဆိုးရှားလက်ထက်မှာတော့ အသင်းမှာ (၂၀၂၃) ခုနှစ်ထိ ဆက်ရှိနေဖို့ စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့တာပါ။ မာရှယ်ဟာ ပါရမီရှိတဲ့ ကစားသမားဆိုတာ မေးခွန်းထုတ်စရာ မလိုပေမယ့် ကစားပွဲတွေမှာ သူဟာ ခြေစွမ်းတွေ ပျောက်နေတတ်တာက ပြဿနာတစ်ခုပါ။

ဂလေဇာရဲ့ ဘောလုံးလောကရဲ့ ဂန္တ၀င်ကြီး ပီလီနဲ့ သူ့ကို နှိုင်းယှဉ်မှုဟာ သရဲနီတွေအတွက် ပြက်လုံးကောင်းတစ်ခုတော့ ဖြစ်ကောင်းဖြစ်နေမှာပါ။ ဒါပေမယ့် မန်ယူမှာ သူ့ကိုဆက်မြင်တွေ့ရဖို့ အသင်းတာဝန်ရှိသူတွေ လိုလားနေတာ သေချာသလောက်တော့ ရှိနေပြီဖြစ်ပါတယ်။