လီဗာပူးအသင်း မန်နေဂျာ ယာဂင်ကလော့ပ်ရဲ့ ၁၇ နှစ်ကြာ တွဲဘက်ဟောင်းကြီး ဘူဗက်က အသင်းဟောင်းနဲ့ ပက်သက်တဲ့ ကိစ္စတွေကို The Athletic ကနေ ဖွင့်ထုတ်မှု လုပ်ပေးသွားပါတယ်။

၂၀၁၈ မှာ ‘ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စ’ လို့ အကြောင်းပြကာ အမည်မသိ ကိစ္စကြောင့် လီဗာပူးကနေ ထွက်သွားတဲ့ ဘော့စနီယန်း-ဆာဘ် လူမျိုး ဘူဗက်ဟာ တစ်ချိန်ကတော့ ယာဂင်ကလော့ပ်ရဲ့ ဦးနှောက်လို့ နာမည်ကျော်သူပါ။ ဒါပေမယ့်လို့ လီဗာပူးအသင်း ချန်ပီယံလိဂ်ဖလားနဲ့ ပရီးမီးယားလိဂ်ဖလားတွေ အနိုင်ရချိန်မှာတော့ သူ အသင်းမှာ ရှိမနေတော့ပါဘူး။

အတွင်းသတင်းတွေက ထွက်ပေါ်လာတာကတော့ လီဗာပူးနည်းပြအဖွဲ့မှာ နယ်သာလန်ကလပ် NEC Nijmegen ကို ထွက်ခွာပြီးမှ ပြန်ရောက်လာတဲ့ ပပ်လင်ဒါးကို မန်နေဂျာယာဂင်ကလော့ပ်က နေရာပေးရာက သဘောမညီတဲ့ ဘူဗက်က အသင်းကနေ ထွက်သွားတယ်လို့ ဖြစ်တယ်။ ဘူဗက် ထွက်အပြီးမှာ လင်ဒါးက ယာဂင်ရဲ့ လက်ထောက် ဖြစ်လာခဲ့ပါတယ်။

ဒါပေမယ့်လည်း အခုချိန်ထိ ကလော့ပ်နဲ့အတူ မိန့်၊ ဒေါ့မွန်နဲ့ လီဗာပူးတွေမှာ လက်တွဲခဲ့တဲ့ ဘူဗက် အသင်းကနေ ဘာလို့ ထွက်သွားသလဲဆိုတာကို ပရိသတ်တွေ မသိရသေးပါဘူး။ ဒီကနေ့မှာတော့ The Athletic က ဘူဗက်နဲ့ ပက်သက်တဲ့ အင်တာဗျူးတစ်ခုကို ဖွင့်ချခဲ့တယ်။

လီဗာပူးအသင်း ဆုဖလားတွေ အောင်မြင်လာခြင်းအတွက် ဂုဏ်ပြုစကားကို ကလော့ပ်နဲ့ လီဗာပူးအသင်းက လက်တွဲဖော်ဟောင်းတွေကို ဂုဏ်ပြုမှု လုပ်ပေးခဲ့လားဆိုတဲ့ The Athletic ရဲ့ အမေးကို ဘူဗက်က “ မလုပ်ပေးခဲ့ဘူး ” လို့ ဖြေပါတယ်။

ဘူဗက်ကပဲ “ လီဗာပူးအတွက်၊ ပရိသတ်တွေအတွက်၊ ကစားသမားတွေအတွက်တော့ ငါပျော်ခဲ့တယ်။ ဒါပေမယ့် ဂုဏ်ပြုမှုတော့ မလုပ်ပေးခဲ့ဘူး ” လို့ သူက ဆိုတာဖြစ်တယ်။

လက်ရှိ ဒိုင်နမို မော်စကိုအသင်းမှာ အားကစားဒါရိုက်အဖြစ် အလုပ်လုပ်နေတဲ့ ဘူဗက်ကပဲ “ ကုန်ခဲ့တဲ့ ဒီ ၁၇ နှစ်လုံးမှာ ငါက မန်နေဂျာတစ်ယောက်အဖြစ် ခံစားမိပါတယ်။ မီဒီယာတွေရှေ့မှာ ရှေ့ထွက်စကားပြောရမယ့် ကိစ္စ တစ်ခုတည်းကလွဲရင် မန်နေဂျာတစ်ယောက် လုပ်ရမယ့် ကိစ္စတွေ အားလုံးကို ငါလုပ်ခဲ့တယ်။

အဲ့တာကလွဲရင် ကျန်တဲ့ ကိစ္စတွေအားလုံးမှာ ငါပါခဲ့တယ်။ ငါ့ရဲ့အသင်းအပေါ် လွှမ်းမိုးနိုင်ဖို့နဲ့ သူတို့ကို အောင်မြင်အောင် ကူညီဖို့ ငါလုပ်နိုင်တာ မှန်သမျှကို ကြိုးစားခဲ့တယ်။ ဒါပေမယ့် ငါ့ကို လူတွေ အာရုံစိုက်ဖို့ကတော့ ငါ့အတွက်က မလိုပါဘူး ” လို့ ပြောပါတယ်။

တချို့ကလည်း ဘူဗက်က မန်နေဂျာတာဝန်တွေ ယူချင်လို့ လီဗာပူးကနေ ထွက်တယ်လို့ ဆိုကြသေးတာပါ။ ဒီကိစ္စကို The Athletic က သတင်းသမားတွေက မေးရာမှာ မဟုတ်တ့အကြောင်း ဘူဗက်က ပြောပါတယ်။

“ ငါက မန်နေဂျာတစ်ယောက် မဖြစ်ချင်ပါဘူး။ ဘာစီလိုနာက ကမ်းလှမ်းတာကလွဲရင် အခြား ဘယ်အသင်းမဆိုကို မလုပ်ဘူးလို့ပဲ ငြင်းမှာပါ။ ငါ့က ပိုကောင်းတဲ့ အခွင့်အရေး ဒီမှာစောင့်နေတယ်လို့ မင်းတို့ပြောတယ်။ ဒါပေမယ့်လို့ ငါ နည်းပြဘဝက အနားယူနေစဉ်မှာ ဘယ်လို ကမ်းလှမ်းမှုတွေကို ငြင်းခဲ့တယ်ဆိုတာ မင်းတို့ သိမှာတောင် မဟုတ်ပါဘူး။ ဒါပေမယ့် အဲ့ကလပ်တွေကိုလည်း မင်းတို့ကို ထုတ်မပြောပြပါဘူး ” လို့ ဘူဗက်က ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI









