လီဗာပူးခံစစ်ကြောင်းမှာ ဗန်ဒိုက်နဲ့ တွဲဘက်ပေးဖို့ နောက်ထပ် ခံစစ်မှူးအဖြစ် ပရိသတ်တွေကြား ရေပန်းစားမှု အမြင့်ဆုံး ဖြစ်လာသူကတော့ အင်္ဂလန်နောက်ခံလူ ကော်နာ ကုတ်ဒီဖြစ်ပါတယ်။

ကုတ်ဒီဟာ အင်္ဂလန်နဲ့ ဝေလ်းတို့ ယှဉ်ပြိုင်ကစားတဲ့ လက်ရွေးစင်ပွဲမှာတော့ သူရဲ့ အင်္ဂလန်ကိုယ်စားပြု ကစားသမားဘဝ ပထမဆုံးအကြိမ်အဖြစ် အသင်းခေါင်းဆောင် လက်ပတ်ကို တာဝန်ယူခွင့်ရခဲ့တယ်။ ကုတ်ဒီဟာ ပရီးမီးယားလိဂ်ကလပ် ဝုဗ်အသင်းရဲ့ အသင်းခေါင်းဆောင်လည်း ဖြစ်ပါတယ်။

သူ့ကို လီဗာပူးအသင်းထံ ခေါ်ယူဖို့ကို ပရိသတ်တွေ အဓိက ဆန္ဒရှိခြင်းက ကုတ်ဒီရဲ့ ခံစစ်ပိုင်း ဦးဆောင်နိုင်မှုကို နှစ်သက်ခြင်းကြောင့်ဖြစ်တယ်။ ဝုဗ်နဲ့ပွဲမှာ အင်္ဂလန်အသင်းအတွက် သူ့ရဲ့ ပထမဆုံး သွင်းဂိုးကို ရယူနိုင်ခဲ့တဲ့ ကုတ်ဒီကို လီဗာပူးပရိသတ်တွေ နှစ်သက်ရခြင်း အကြောင်းရင်းထဲမှာတော့ သူဟာ လီဗာပူးအကယ်ဒမီထွက် ကစားသမား ဖြစ်နေခြင်းကြောင့်လည်း ပါဝင်ပါတယ်။

ကုတ်ဒီဟာ လီဗာပူးပရိသတ်တွေနဲ့ မစိမ်းလှပါဘူး။ အသင်းအကယ်ဒမီကနေ မန်နေဂျာဟောင်း ကင်နီ ဒဲလ်ဂလစ်ရဲ့ စင်တင်မှုနဲ့ အလားအလာအကောင်းဆုံး အကယ်ဒမီထွက်တွေထဲ ပါဝင်ခဲ့တယ်။ ဒါပေမယ့်လို့ မန်နေဂျာအပြောင်းအလဲမှာ မန်နေဂျာရော်ဂျာက သူ့ကို အသုံးမပြုတော့ဘဲ အောက်တန်းလိဂ်တွေကိုပဲ အငှားချခဲ့တယ်။

အင်္ဂလန်လိဂ်ရဲ့ အောက်တန်းအဆင့် ကလပ်တွေမှာ ကျင်လယ်ရင်း ကြိုးစားလာတဲ့ ကုတ်ဒီဟာ ပရီးမီးယားလိဂ်ကို ဝုဗ်နဲ့အတူ ပြန်ရောက်လာခဲ့ကာ လက်ရွေးစင်အသင်းကိုပါ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခွင့်ရခဲ့ပြီ ဖြစ်ပါတယ်။

လီဗာပူးပရိသတ်တွေကတော့ လူမှုကွန်ယက်တွေကနေ ခံစစ်အတွက် လူသစ်ခေါ်ယူတဲ့အခါ ကလပ်ရဲ့ အကယ်ဒမီထွက်ကို ထည့်စဉ်းစားဖို့ တောင်းဆိုနေကြပြီး ကုတ်ဒီနဲ့ ဗန်ဒိုက်အတွဲဟာ အသင်းရဲ့ အကောင်းဆုံး ခံစစ်တံတိုင်းဖြစ်လာမယ်လို့ မှတ်ချက်ပြုလာနေတာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးခံစစ္ေၾကာင္းမွာ ဗန္ဒိုက္နဲ႔ တြဲဘက္ေပးဖို႔ ေနာက္ထပ္ ခံစစ္မွဴးအျဖစ္ ပရိသတ္ေတြၾကား ေရပန္းစားမႈ အျမင့္ဆံုး ျဖစ္လာသူကေတာ့ အဂၤလန္ေနာက္ခံလူ ေကာ္နာ ကုတ္ဒီျဖစ္ပါတယ္။

ကုတ္ဒီဟာ အဂၤလန္နဲ႔ ေဝလ္းတို႔ ယွဥ္ျပိဳင္ကစားတဲ့ လက္ေရြးစင္ပြဲမွာေတာ့ သူရဲ႕ အဂၤလန္ကိုယ္စားျပဳ ကစားသမားဘဝ ပထမဆံုးအၾကိမ္အျဖစ္ အသင္းေခါင္းေဆာင္ လက္ပတ္ကို တာဝန္ယူခြင့္ရခဲ့တယ္။ ကုတ္ဒီဟာ ပရီးမီးယားလိဂ္ကလပ္ ဝုဗ္အသင္းရဲ႕ အသင္းေခါင္းေဆာင္လည္း ျဖစ္ပါတယ္။

သူ႔ကို လီဗာပူးအသင္းထံ ေခၚယူဖို႔ကို ပရိသတ္ေတြ အဓိက ဆႏၵရွိျခင္းက ကုတ္ဒီရဲ႕ ခံစစ္ပိုင္း ဦးေဆာင္ႏုိင္မႈကို ႏွစ္သက္ျခင္းေၾကာင့္ျဖစ္တယ္။ ဝုဗ္နဲ႔ပြဲမွာ အဂၤလန္အသင္းအတြက္ သူ႔ရဲ႕ ပထမဆံုး သြင္းဂိုးကို ရယူႏုိင္ခဲ့တဲ့ ကုတ္ဒီကို လီဗာပူးပရိသတ္ေတြ ႏွစ္သက္ရျခင္း အေၾကာင္းရင္းထဲမွာေတာ့ သူဟာ လီဗာပူးအကယ္ဒမီထြက္ ကစားသမား ျဖစ္ေနျခင္းေၾကာင့္လည္း ပါဝင္ပါတယ္။

ကုတ္ဒီဟာ လီဗာပူးပရိသတ္ေတြနဲ႔ မစိမ္းလွပါဘူး။ အသင္းအကယ္ဒမီကေန မန္ေနဂ်ာေဟာင္း ကင္နီ ဒဲလ္ဂလစ္ရဲ႕ စင္တင္မႈနဲ႔ အလားအလာအေကာင္းဆံုး အကယ္ဒမီထြက္ေတြထဲ ပါဝင္ခဲ့တယ္။ ဒါေပမယ့္လို႔ မန္ေနဂ်ာအေျပာင္းအလဲမွာ မန္ေနဂ်ာေရာ္ဂ်ာက သူ႔ကို အသံုးမျပဳေတာ့ဘဲ ေအာက္တန္းလိဂ္ေတြကိုပဲ အငွားခ်ခဲ့တယ္။

အဂၤလန္လိဂ္ရဲ႕ ေအာက္တန္းအဆင့္ ကလပ္ေတြမွာ က်င္လယ္ရင္း ၾကိဳးစားလာတဲ့ ကုတ္ဒီဟာ ပရီးမီးယားလိဂ္ကို ဝုဗ္နဲ႔အတူ ျပန္ေရာက္လာခဲ့ကာ လက္ေရြးစင္အသင္းကိုပါ အသင္းေခါင္းေဆာင္အျဖစ္ တာဝန္ယူခြင့္ရခဲ့ျပီ ျဖစ္ပါတယ္။

လီဗာပူးပရိသတ္ေတြကေတာ့ လူမႈကြန္ယက္ေတြကေန ခံစစ္အတြက္ လူသစ္ေခၚယူတဲ့အခါ ကလပ္ရဲ႕ အကယ္ဒမီထြက္ကို ထည့္စဥ္းစားဖို႔ ေတာင္းဆိုေနၾကျပီး ကုတ္ဒီနဲ႔ ဗန္ဒိုက္အတြဲဟာ အသင္းရဲ႕ အေကာင္းဆံုး ခံစစ္တံတိုင္းျဖစ္လာမယ္လို႔ မွတ္ခ်က္ျပဳလာေနတာ ျဖစ္ပါတယ္။