လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က ချန်ပီယံလိဂ် ဗိုလ်လုပွဲ မတိုင်ခင် ကစားသမားများကို နားရက် အချို့ ပေးထားပြီး အဲဒီနောက်မှာ ရာသီကြို ပြင်ဆင်မှုကဲ့သို့ နှစ်ပတ်တာ ပြင်ဆင်လေ့ကျင့်မှုများ သေချာ ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။

လီဗာပူး နဲ့ စပါးအသင်းတို့ မက်ဒရစ်မြို့မှာ ရင်ဆိုင်မယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ဆလိုဗေးနီးယားသား ဒါမေး စကိုမီနာက ဒိုင်အဖြစ် တာဝန်ယူမှာ ဖြစ်တယ်လို့ တရားဝင် သတင်းထွက်ရှိလာပါပြီ။ ဒီပွဲက အသက် ၄၂ နှစ်အရွယ် ဒိုင်လူကြီးရဲ့ ပထမဆုံး ချန်ပီယံလိဂ် ဗိုလ်လုပွဲ တာဝန်ယူခြင်းလည်း ဖြစ်ပါတယ်။

ဂျာမနီတိုက်စစ်မှူး တီမိုဝါနာဟာ ဘွန်ဒက်လီဂါကလပ် ဘိုင်ယန်မြူးနစ်ကို ပြောင်းဖို့ကိစ္စတွေ နီးစပ်နေခြင်း မရှိသေးပဲ လီဗာပူးအသင်းကို ပြောင်းရွှေ့ဖို့က ဖြစ်နိုင်နေဆဲပါလို့ လိုက်ဇစ်အသင်း စီအီးအိုဖြစ်သူ Oliver Mintzlaff က ဝန်ခံစကား ပြောဆိုလိုက်ပါတယ်။

လီဗာပူးအသင်းဟာ ဒီရာသီ အကောင်းဆုံး ကစားသမားတွေ ဆုပေးပွဲကို ဥရောပပွဲ ကစားဖို့ ရှိနေသေးတာကြောင့် ပွဲ မပြုလုပ်ဖို့ ဆုံးဖြတ် လိုက်ပါတယ်။ ပရိသတ်များ မဲပေးဖို့အတွက်ကိုတော့ အွန်လိုင်းမှာ ခွင့်ပြုထားဦးမှာပါ။

ဝုဗ်ကွင်းလယ်ကစားသမား ရူဘန်နာဗက်ကို ခေါ်ယူလိုက်ရင် အသင်းအတွက် အရည်အချင်းရှိ နာမည်ရှိ ကစားသမား ဆက်တိုက် ၀ယ်ယူ အားဖြည့်ခြင်း ဖြစ်မယ်လို့ လီဗာပူးကစားသမားဟောင်း စတန် ကော်လီမိုးက တိုက်တွန်းပြောဆိုလိုက်ပါတယ်။

လီဗာပူးအသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန်က ပရီးမီးယားလိဂ်ဖလား ကိုင်မြှောက်ခွင့် မရခဲ့ခြင်း အပေါ် စိတ်ပျက်ရပေမယ့် ဘောလုံး ရာသီကို ပြန်ကြည့်ရင် နောင်တ ရစရာ မရှိကြောင်း ပြောကြားလိုက်ပါတယ်။

မန်စီးတီးအသင်းသားတွေက ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ပြီးနောက် ဒီတလော လီဗာပူးပရိသတ်တွေကြား ရေပန်းစားနေတဲ့ Allez Allez Allez သီချင်းမှာ စာသားများ ပြောင်းလဲပြီး ဒုတိယနေရာမှ ကျန်ခဲ့တဲ့ လီဗာပူးကို လှောင်ပြောင်သီဆို အောင်ပွဲခံမှုများ ပြုလုပ်တဲ့ ဗီဒီယို ပေါ်ထွက်လာခဲ့ပါတယ်။

ယာဂင်ကလော့ပ်ရဲ့ လီဗာပူးအသင်းဟာ ဒီရာသီ အမှတ်ပေးဖလားကို အနိုင်မရခဲ့ပေမယ့် ပရီးမီးယားလိဂ် ဆုကြေး ချီးမြင့်ခံရမှုမှာတော့ အမြင့်ဆုံးဖြစ်မယ်လို့ သိရပါတယ်။ 2018-2019 ဘောလုံးရာသီမှာ လီဗာပူးဟာ စုစုပေါင်းစုကြေး ပေါင် သန်း 150 လောက် ရမှာဖြစ်ပြီး မန်စီးတီးထက် 1.4 သန်း ပိုရမယ်လို့ သိရပါတယ်။ ဒါဟာ ရုပ်သံလွှင့်မှုတွေမှာ ပြိုင်ဘက် မန်စီးတီးထက် ပိုမိုကျော်ကြားခြင်းကြောင့်လို့ ဒေးလီးမေလ်းက ဖော်ပြခဲ့ပါတယ်။