ဆန်းချက် ဒီရာသီမှာ ရုန်းကန်နေရခြင်းက ဒဏ်ရာပြဿနာကြောင့်ဖြစ်ကြောင်း ယူနိုက်တက် မန်နေဂျာ မော်ရင်ညိုက ပြောကြားထားတဲ့အပေါ် အာဆင်နယ်ပရိသတ်များက လှောင်ပြောင်နေကြပါတယ်။ အသက် ၂၉ နှစ်ရှိပြီဖြစ်တဲ့ ချီလီတိုက်စစ်မှူား ဒီရာသီမှာ ၈ ပွဲကစားထားပြီး ၁ဂိုးသွင်း ၁ဂိုး ထောက်ပံ့မှုသာ ပြုလုပ်ထားနိုင်ပါတယ်။

မန်ယူနိုက်တက် ဂိုးသမား ဒီဂီယာ စာချုပ်သစ် ချုပ်ဆိုမယ်လို့ ယုံကြည်မှု အပြည့်မရှိကြောင်း မော်ရင်ညိုက ၀န်ခံသွားပြီး ထိုအခြေအနေအပေါ် စိုးရိမ်မှုတော့ မရှိဘူးလို့ ၄င်းက ဆိုပါတယ်။

ယူနိုက်တက် တိုက်စစ်မှူး လူကာကူဟာ ၄င်း လေးနှစ်တာ နေခဲ့တဲ့ အသင်းဟောင်း အဲဗာတန်ကလပ်နဲ့ ဒီတနင်္ဂနွေမှာ ပြန်လည်ရင်ဆိုင်ရမှာ ဖြစ်ပြီး အဲဗာတန် နည်းပြ မာကိုဆေးလ်ဗားကတော့ လူကာကူရဲ့ အရည်အချင်းအပေါ် သံသယမရှိဘဲ စိုးရိမ်နေပါတယ်။ လူကာကူဟာ နိုင်ငံအသင်းမှာ ခြေစွမ်းပြနိုင်ပေမယ့် ကလပ်အသင်းမှာ ဒီရာသီ ၈ပွဲ ပွဲထွက်ကစားပြီး တစ်ဂိုးမှ မသွင်းယူနိုင်သေးပါဘူး။

လီဗာပူး ဗဟိုခံစစ်မှူး မာတစ်ဟာ ပရီးမီးယားလိဂ် ပွဲ ၉၇% နဲ့ ဘွန်ဒစ်လီဂါကလပ်နဲ့ ပွဲတွေမှာ ပါဝင်ကစားမှာ ဖြစ်ကြောင်း ယာဂင်ကလော့ပ်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ရှော်ကေးကစားသမားဟောင်း မာတစ်ဟာ ဒီရာသီအစပိုင်းမှာ ကြံ့ခိုင်မှု ပြဿနာရှိခဲ့ပြီး ဆောက်သမ်တန်နဲ့ ပွဲမှာ လီဗာပူးအတွက် ပြန်လည် စတင်ပွဲထွက်ကစားခွင့် ရထားပါတယ်။

လီဗာပူးအသင်းနဲ့ ဒီတပတ်မှာ ရင်ဆိုင်ရမယ့် ကားဒစ်အသင်း မန်နေဂျာ ၀ါ့နော့ခ်က ၄င်း ခရစ္စတယ်ပဲလေ့စ်မှာ ရှိစဉ်က နယ်သာလန်ခံစစ်မှူး ဗန်ဒိုက်ကို ပေါင် ၆သန်းမျှနဲ့ ခေါ်ယူဖို့ အခွင့်အရေးရခဲ့ပေမယ့် အသင်းပိုင်ရှင်တွေက ဗန်ဒိုက်က နှေးကွေးလွန်းတယ်ဆိုပြီး မ၀ယ်ယူခဲ့ကြောင်း ပြန်ပြောင်း ပြောပြခဲ့ပါတယ်။

လီဗာပူး ကွင်းလယ်ကစားသမား နာဘီကိတ်တာကတော့ ဒီတစ်ပတ် ကားဒစ်နဲ့ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲ ပါဝင်ကစားနိုင်မှာ မဟုတ်ပါဘူး။ ကိတ်တာ အပြင် ဟန်ဒါဆန်လည်း ပါဝင်နိုင်မှာ မဟုတ်ကြောင်း ကလော့ပ်က ပွဲကြိုမှာ ပြောကြားထားပါတယ်။

ချယ်ဆီးကစားသမား ဘာကလေက ဒီရာသီ ၄င်းခြေစွမ်းပြနိုင်လာတာက တိုက်ဆိုင်မှုနဲ့ ကံကောင်းတာမျိုး သက်သက် မဟုတ်ဘဲ ၄င်းရဲ့ ပြင်ဆင်ကြိုးစားမှုကြောင့် ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ရာသီကြိုကာလတည်းက ဘာကလေဟာ နည်းပြသစ် ဆာရီရဲ့ ကစားကွက်ခင်းကျင်းဟန်တွေကို ဗီဒီယိုတွေကြည့် ကြိုတင်လေ့လာထားခဲ့တာပါ။

မာကို့စ် အလွန်ဆိုဟာ ခံစစ်ပိုင်းကို ပိုပြီး ကြပ်မတ် အလုပ်လုပ်နိုင်ရင် ဥရောပ အကောင်းဆုံး ဘယ်နောက်ခံလူတစ်ယောက် ဖြစ်လာနိုင်ကြောင်း ချယ်ဆီးနည်းပြချုပ် ဆာရီက မှတ်ချက်ပေးထားပါတယ်။

BATE Borisov နဲ့ပွဲမှာ ဟက်ထရစ်ဂိုးသွင်း ခြေစွမ်းပြခဲ့တဲ့ လော့ဖ်တပ်ချိဟာ ယူရိုပါလိဂ်ရဲ့ ဒီတစ်ပတ် အကောင်းဆုံးကစားသမား ဆုကိုပါ ရရှိသွားပါတယ်။

အေစီမီလန်မှာ ပိုမို ရှုပ်ထွေးလာပြီဖြစ်တဲ့ ဂတ်တူဆိုရဲ့ အနေအထားမှာ အနာဂတ် အေစီဥက္ကဌဖြစ်လာမယ့် ဂါဇီဒစ်ရဲ့ တိုက်တွန်းမှုကြောင့် ယခင် နှစ်ပေါင်းများစွာ လက်တွဲလုပ်ဖူးတဲ့ အာဆင်နယ်နည်းပြဟောင်း အာဆင်ဝင်းဂါး အသင်းမန်နေဂျာ တာဝန်ယူမလားဆိုတဲ့ သုံးသပ်မှုတွေ ရှိနေကြပါပြီ။

သက်တမ်းတိုး စာချုပ်ကို အာဆင်နယ်အသင်းဘက်က ရုပ်သိမ်းသွားတာဟာ ဘာကြောင့်မှန်း မသိကြောင်း ရမ်ဆေးက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ အသက် ၂၇ နှစ်ရှိပြီဖြစ်တဲ့ ကွင်းလယ်ကစားသမားကို အာဆင်နယ်အသင်းက တစ်ပတ်လုပ်ခလစာ ပေါင် တစ်သိန်းတစ်သောင်းနဲ့ ကမ်းလှမ်းခဲ့တယ်လို့ ယူဆရပါတယ်။

အာဆင်နယ်အသင်းရဲ့ အားထားရတဲ့ ကစားသမား အိုဇေးက ဝေဖန်ပြစ်တင်ခံရမှုတွေကနေ ဘောလုံးပွဲအတွင်းမှာ ဒေါသတကြီး တွန်းတွန်းတိုက်တိုက် ပေါက်ကွဲကစားစေနိုင်တဲ့ ခွန်အားတွေ ရရှိတယ်လို့ ပြောကြားလိုက်ပါတယ်။

ဘရာဇီးသား မန်စီးတီးကစားသမားတွေဖြစ်တဲ့ ဂျီဆု၊ အီဒါဆန်နဲ့ ဒန်နီလိုတို့ ၃ ဦးဟာ နိုဝင်ဘာလထဲ ကစားမယ့် ဘရာဇီးအသင်း ပွဲစဉ်တွေအတွက် လက်ရွေးစင်အသင်းမှာ ရွေးချယ်ခြင်း ခံရပါတယ်။ ဘရာဇီးအသင်းဟာ နိုဝင်ဘာလ ၁၆ ရက်နေ့မှာ ဥရုဂွေးနဲ့ အဲဒီနောက် လေးရက်အကြာမှာ ကင်မရွန်းနဲ့ ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမှာပါ။

စီးတီးကွင်းလယ်ကစားသမား ဂွမ်ဒိုဂန်ကို နယ်သာလန်ကလပ် အေဂျက်က ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် ကစားသမားကတော့ မန်စီးတီးမှာ ဆက်ရှိသွားဖို့ စိတ်အားထက်သန်နေပါတယ်။

အသက် ၈ နှစ်အောက် မန်စီးတီး အကယ်ဒမီကစားသမားလေးတွေဟာ လက်တတလော ပြုလုပ်တဲ့ မန်စီးတီးအသင်း မန်နေဂျာ ပက် ဂွာဒီယိုလာနဲ့ စီနီယာအသင်းကြီး လေ့ကျင့်ရေးမှာ ပါဝင်ခွင့် ရခဲ့ကြပါတယ်။

ဝင်ဘာလေကွင်းမှာ ယှဉ်ပြိုင်ကစားမယ့် စပါး Vs မန်စီးတီး ပွဲစဉ်ကို ဒိုင်လူကြီး Kevin Friend ကိုင်တွယ်မှာ ဖြစ်ကာ ၄င်း ကိုင်တွယ်တဲ့ ပြိုင်ပွဲစုံ ၁၂ ပွဲလုံး စပါးအသင်း ရှုံးပွဲ မရှိထားပါဘူး။

လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးနဲ့ ရင်ဆိုင်ရမယ့် စပါးအသင်းနဲ့ ပိုချက်တီနိုအတွက် သတင်းကောင်း အနေနဲ့ စပါးကွင်းလယ်ကစားသမား အလီဟာ လေ့ကျင့်ရေး အပြည့်အ၀ ပြန်ဆင်းနေပြီဖြစ်ပြီး ဒီတပတ် မန်စီးတီးနဲ့ ယှဉ်ပြိုင်ရမယ့်ပွဲမှာ ပါဝင်ကစားနိုင်စွမ်း ရှိနေပြီ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်က ချိတ်ဆက်နေတယ်ဆိုတဲ့ သတင်းများအပေါ် စပါးမန်နေဂျာ ပိုချက်တီနိုက ရယ်မောရင်း ငြင်းပယ်သွားပါတယ်။ သူ့ရဲ့ အင်္ဂလိပ်စာ သိပ်မကောင်းတာကြောင့် ဆိုရှယ်မီဒီယာတွေ သိပ်မကြည့်မိတာနဲ့ သတင်းတွေ လွတ်နေပြီလို့ ၄င်းက ဆိုပါတယ်။