လာမယ့်ရာသီမှာ ဆုဖလား အောင်မြင်မှုတွေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲထံ ပြန်လည် ပါဝင်ခွင့်အတွက် မန်ယူအသင်းဟာ နွေမှာ ပြင်ဆင်မှုတွေ ပြုလုပ်မှာဖြစ်ပြီး ခေါ်ယူဖို့ရာ ကစားသမား ပြင်ဆင်နေမှုကို ဖော်ပြမှာ ဖြစ်ပါတယ်။

ကူလီဘာလီ (နာပိုလီ)

မန်ယူဟာ ဦးစားပေးအဖြစ် တိုက်စစ်သမားတွေကို ခေါ်ယူဖို့ ရည်ရွယ်ခဲ့ပေမယ့်လို့ မအောင်မြင်ဖြစ်နေတဲ့နောက် နာပိုလီအသင်းမှ ဗဟိုခံစစ်မှူး ကူလီဘာလီကိုပဲ အသုံးစရိတ်ကြီးနဲ့အတူ နွေမှာ ဦးစားပေး ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့ပြီဖြစ်ပါတယ်။ ဆိုးရှားဟာ ဗဟိုခံစစ်နေရာကို အားဖြည့်ရာမှာ ဦးဆောင်နိုင်စွမ်းရှိပြီး နောက်တန်းကို နိုင်နင်းစွာ ကိုင်တွယ်နိုင်တဲ့ ကိုလီဘာလီကို သဘောကျနေပါတယ်။

ဆန်ချို (ဒေါ့မွန်)

ဂျာမန်ထိပ်သီးကလပ် ဒေါ့မွန်အသင်းမှာ ကစားနေတဲ့ အင်္ဂလန်ကြယ်ပွင့် ဂျေဒန်ဆန်ချိုဟာ မန်ယူရဲ့ ဦးစားပေးစာရင်းထဲ ပါဝင်သူတစ်ဦးပါ။ ဆန်ချိုကို ခေါ်ယူနိုင်ဖို့အတွက် မန်ယူဟာ ပေါင်သန်း ၁၀၀ လောက် သုံးရမှာဖြစ်သလို ချန်ပီယံလိဂ်ဝင်ခွင့်မရထားတဲ့ အတွက် အခက်အခဲတွေရှိလာမှာ အမှန်ပဲဖြစ်ပါတယ်။ ကလပ်အသင်းရဲ့ ညာတောင်ပံနေရာအတွက် အဓိက ရည်ရွယ်ပါတယ်။

နီကိုးလပ်စ် ပီပီ (လိုင်လီ)

တိုက်စစ်ပိုင်း အင်အားဖြည့်ဖို့နဲ့ အပတ်တိုင်းမှာ အသင်းအတွက် ဂိုးပုံမှန်သွင်းယူပေးနိုင်မယ့် တိုက်စစ်ကစားသမားတစ်ဦးအဖြစ် ပီပီကို ဆိုးရှားက အလိုရှိနေတယ်။ လျှင်မြန်သလို အသက် ၂၃ နှစ်အရွယ်ပဲ ရှိသေးပြီး ဂိုးသွင်းကောင်းသူဖြစ်တယ်။ သူ့ကို PSG နဲ့ အာဆင်နယ်ကလည်း ခေါ်ယူလိုနေပါတယ်။

ဟယ်ရီ မက်ဂွဲရား (လက်စတာစီးတီး)

ခံစစ်ဟာ မန်ယူအသင်း အဓိက အင်အားဖြည့်ဖို့ လိုအပ်နေပြီး လင်ဒီအော့ရဲ့ တွဲဘက်အဖြစ် မက်ဂွဲရားကိုလည်း ကလပ်အသင်းက အလိုရှိနေပါတယ်။ မနှစ်တုန်းက ကမ်းလှမ်းခဲ့စဉ် ပယ်ချခဲ့ပေမယ့် ဒီနွေမှာတော့ လက်စတာ ခံစစ်သမားကလည်း အသင်းပြောင်းလိုနေပါတယ်။

ရိုက်စ် (ဝက်စ်ဟမ်း)

ကွင်းလယ်ပိုင်းမှာ လူသစ်ဖြည့်ဖို့ စီစဉ်ရာမှာတော့ မန်ယူဟာ ဝက်ဟမ်းအသင်းမှာ တောက်ပနေတဲ့ ရိုက်စ်ကို အလိုရှိနေပါတယ်။ လှုပ်အားနှုန်းနဲ့ တိုက်ခိုက်လိုစိတ် ကောင်းမွန်မှုရှိတဲ့ အင်္ဂလန်သားဟာ ကလပ်အသင်း လိုအပ်နေတဲ့ ကွင်းလယ်ကစားသမားမျိုးဖြစ်တယ်။ သူ့ကိုခေါ်ဖို့ အနည်းဆုံး ပေါင် ၅၀ သန်း အသုံးပြုရပါမယ်။