ယူနိုက်တက် ကစားသမားဟောင်း ရိုင်ယန်ဂစ်စ်က လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာစီးတီးအသင်းမှာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး လို့ ဆိုရမယ့် ကစားသမားတွေထဲက (၃)ဦးအထိပါဝင်နေတယ်လို့ ဆိုလိုက်ပါတယ်။ ထို (၃)ဦးကတော့ ဗင်းဆင့်ကွန်ပနီ၊ ဒေးဗစ်ဆေးလ်ဗားနဲ့ ဆာဂျီယိုအဂွေရိုတို့ ဖြစ်ပါတယ်။

ဂွာဒီယိုလာက စနေနေ့ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာသာ ၀က်ဖို့ဒ်ကို အနိုင်ယူပြီး ဗိုလ်စွဲနိုင်ရင် အင်္ဂလိပ်ပြည်တွင်း ဆုဖလား အားလုံးကို ရယူနိုင်ခဲ့တဲ့ ၈ ယောက်မြောက် နည်းပြ ဖြစ်လာတော့မှာပါ။

ဘိုင်ယန်မြူးနစ်အသင်းက ဆာနေးကို ခေါ်ယူဖို့ မန်စီးတီးအသင်းနဲ့ ဆွေးနွေးမှုတွေ စတင် ထားတယ်လို့ သိရပါတယ်။ ဆာနေးက ဒီနှစ်ပိုင်းမှာ မန်စီးတီးအသင်း ပွဲထွက်စာရင်းမှာ နေရာ ပျောက်ဆုံးလာခဲ့ပြီး ကစားသမားက စာချုပ်သက်တမ်းတိုးဖို့ သဘောမတူရင် မန်စီးတီးက ရောင်းချဖွယ် ရှိနေပါတယ်။

ဘရာဇီး ဂန္တ၀င်ကစားသမား ရီဗယ်ဒိုက မန်စီးတီး တိုက်စစ်မှူး ဂျီဆုကို မန်ချက်စတာကလပ်မှ ထွက်ခွာသင့်တယ်လို့ အကြံပြုစကား ဆိုလိုက်ပါတယ်။ အသက် ၂၂ နှစ် အရွယ် တိုက်စစ်မှူးဟာ မန်စီးတီးအတွက် ဒီရာသီ ပြိုင်ပွဲစုံ ၄၆ ပွဲ ကစားခဲ့ရာ ပွဲ ၂၀ သာ ပွဲထွက် လူစာရင်းကနေ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ အက်သလက်တီကို ကွင်းလယ်လူ ရိုဒရီဂိုဟာနန်ဒက်စ်ကို ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်တို့နဲ့ အတူ အပြိုင်ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေပါတယ်။ အသက်(၂၂)နှစ် အရွယ် စပိန်သား ရိုဒရီဂိုဟာနန်ဒကစ်ဟာ ဂရစ်ဇ်မန်းနဲ့အတူ အက်သလက်တီကိုကနေ ထွက်ခွာဖို့ ရေပန်းစားနေပြီး ၄င်းကို ခေါ်ယူလိုတဲ့အသင်းတွေဟာလည်း စာချုပ်ပါလျော်ကြေးကို ပေးချေဖို့ အဆင်သင့်ဖြစ်နေပါတယ်။

ပရီးမီးယားလိဂ်ဟာ လာမယ့် ဘောလုံးရာသီမှာ VAR စနစ်ကို စတင်ကာ ကျင့်သုံးသွားမှာဖြစ်ပေမယ့် အဆိုပါ စနစ်မှာ အရေးကြီးတဲ့ ကန့်သတ်ချက်တစ်ခုကို ထည့်သွင်းသွားမှာဖြစ်ပါတယ်။ ပွဲကစားနေစဉ်မှာ အသင်းသားတွေဟာ အငြင်းပွာဖွယ် ဆုံးဖြတ်ချက်ဖြစ်လာတဲ့အခါ VAR စနစ်နဲ့ ကြည့်ပြီး ဆုံးဖြတ်ပေးဖို့ တောင်းဆိုကြောင်း လက်ဟန်ခြေဟန် အမူအရာနဲ့ ဖိအားပေးခဲ့မယ် ဆိုရင် အဝါကတ် ပြသခံရမှာဖြစ်တယ်။