မန်ယူဟာ လာမယ့်နွေရာသီမှာ ခံစစ်နေရာ အားဖြည့်ဖို့အတွက်နာပိုလီခံစစ်မှူး ကူလီဘိုင်လီအစား ဟယ်ရီမက်ဂွားရား၊ မီလန်စခရင်နီယာ၊ အယ်လ်ဒါဝီလ် အစရှိတဲ့ ကစားသမားတွေဘက်ကိုသာ ခြေဦးလှည့်သွားပြီလို့ သိရပါတယ်။ မန်ယူဘက်က ကူလီဘေလီအတွက် နာပိုလီတောင်းဆိုတဲ့ ပေါင်သန်း(၉၀)ဟာ ဈေးကြီးလွန်းတာကြောင့် ပေးချေလိုခြင်းမရှိဘူးလို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ လာမယ့် ရာသီမှာ ဆန်းချက် ဆက်ရှိမနေစေဖို့ ပေါင် ၁၂ သန်းလောက် အိတ်စိုက်ရဖွယ် ရှိနေပါတယ်။ ချီလီသားကို အင်တာမီလန်က ခေါ်ယူချင်ပေမယ့် ၄င်းလက်ရှိလစာရဲ့ တ၀က်မျှသာ ပေးလိုနေတာကြောင့် ယူနိုက်တက်က စိုက်ပေးရဖွယ် ရှိလာတာပါ။

လာမယ့် ဘောလုံးရာသီမှာ ယူနိုက်တက် လူငယ် ကစားသမားလေးတွေကို စီနီယာအသင်းကြီးမှာ ကစားဖို့ အခွင့်အရေး ပေးသွားမယ်လို့ နည်းပြ ဆိုးရှားက ပြောကြားလိုက်ပါတယ်။

ယူနိုက်တက် နည်းပြဟောင်း မော်ရင်ညိုက အသင်းက ထွက်ခွာလာရခြင်းဟာ ပေါ့ဘာကြောင့် မဟုတ်ဘဲ ယူနိုက်တက်မှာ ကစားသမားတွေ၊ အဖွဲ့အစည်း၊ ရည်မှန်းချက်ပိုင်းမှာပါ ပြဿနာတွေ ရှိနေလို့ ဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

ဘာစီလိုနာက မန်ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ထဲ ချဉ်းကပ်လာပြီ ဖြစ်တဲ့ လူငယ် ကွင်းလယ်တိုက်စစ်သမား အိန်ဂျယ် ဂိုမက်ဇ်ကို စောင့်ကြည့်မှုတွေ ပြုလုပ်နေပါတယ်။

အသင်းကထွက်ခွာမယ့် ဟာရဲရားနေရာ အစားထိုးဖို့ ယူနိုက်တက် ပစ်မှတ်ထားနေတာက ဝက်ဟမ်းမှ ဒီကလန်ရိုက်စ် ဒါမှမဟုတ် ပီအက်ဂျီက အေဒရီရန် ရာဘီရော့ပါ။ ဟာရဲရားက ပီအက်စ်ဂျီထံ သွားမယ်ဆိုရင် အလွတ်ပြောင်းရွှေ့ကြေးဖြစ်လို့ အပြန်အလှန်အားဖြင့် ရာဘီရော့ကလဲ ဆွဲဆောင်မှုရှိတဲ့ ရွေးချယ်စရာပါ။ ရိုက်စ်ကို လိုချင်ရင်တော့ ပြောင်းရွှေ့ကြေး ပေါင် သန်း ၅၀ လောက် သုံးရမှာဖြစ်တယ်။

စပါးခံစစ်မှူးတွေ ဖြစ်တဲ့ အန်ဒါဝီရယ်နဲ့ ထရစ်ပီယာကို ဂျူဗင်တပ်အသင်းထံ ကမ်းလှမ်းမှု ပြုလုပ်ထားတယ်လို့ သိရပါတယ်။ မန်ချက်စတာ ယူနိုက်တက် ပစ်မှတ်ထားနေတဲ့ အန်ဒါဝီရယ်က စပါးနဲ့ ၂၀၂၀ မှာ စာချုပ် ကုန်ဆုံး ပြီ ဖြစ်ကာ ထရစ်ပီယာရဲ့ အေးဂျင့်ဖြစ်သူတွေက ကစားသမားကို ခေါ်ယူဖို့ စီးရီးအေ ချန်ပီယံကလပ်ထံ ချိတ်ဆက်မှုတွေ ပြုလုပ်နေတာပါ။